Thursday, March 29, 2012

အီးယူနဲ့အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်

2012-03-28

မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ အီးယူ ဥရောပသမဂ္ဂကနေ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်မှာဖြစ်တယ်လို့ အီးယူရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲ Catherine Ashton ရဲ့ ရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့ဝင်အနည်းငယ်ပါတဲ့ အီးယူ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ တခြား အီးယူနိုင်ငံတွေက သံတမန်တွေနဲ့အတူ ဧပြီလ (၁)ရက် နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ကို လေ့လာကြည့်ရှု ကြမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အလားတူပဲ အာဆီယံကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ထွက်ခွာသွားပါပြီ။ အာဆီယံ အတွင်းရေးမှူးကိုယ်စား နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှုး Dr. Mely Anthoy ဦးဆောင်တဲ့အဖွဲ့မှာ ထိုင်း PBS အသံလွှင့်ဌာနက သတင်းထောက်တစ်ဦး၊ အာဆီယံ ရုပ်သံ သတင်းထောက်တစ်ဦး နဲ့ Channel News Asia သတင်းဌာနက သတင်းထောက်တစ်ဦးတို့ လိုက်ပါသွားကြပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အတွက် အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတို့ ကလည်း ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်မယ်လို့ ကြေညာထားကြပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့