Thursday, October 11, 2012

မြင်းကပါနာရေးအသင်းရုံးခန်းငယ်ဆောက်လုပ်ခွင့် ရှေးဟောင်းက ပိတ်ပင်တားဆီး

ငြိမ်းချမ်း(မြစ်မခ)
10 Oct, 2012

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက် အဦးအသစ်များ တည်ဆောက်မှုအား ခွင့်ပြုထား သော်လည်း မြင်းကပါရွာမှ နာရေးကူညီမှု အသင်းအတွက် အဆောက်အဦးရုံးခန်းငယ် တည်ဆောက်ရာ၌ ရှေးဟောင်းယဉ် ကျေး မှုဝန်ကြီးဋ္ဌာနက လာရောက်ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

“မြို့ဟောင်းမှာ ဟိုတယ်အသစ်တွေ ဆောက်တာတော့ မတားဆီးဘူး၊ ကျွန်တော်တို့ မြင်းကပါရွာမှာ နာရေးကူညီမှုအသင်းရုံး ခန်းလေးဆောက်တာကို ရှေးဟောင်းကလာပြီး ပိတ်ပင်သွား တယ်’’ဟု မြင်းကပါနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဇော်မျိုးလွင် က ပြောသည်။

ရှေးဟောင်းနယ်မြေအတွင်းတွင် ဘုရားပရ၀န်နှင့်ပေ(၉၀)အတွင်းမည်သည့်အဆောက်အဦးမှတည်ဆောက်ခွင့်မပြုကြောင်းကို ပုဂံရှေးဟောင်းအဖွဲ့က ထုတ်ပြန်ထားကြောင်းကိုလည်း သိရသည်။

မြင်းကပါနာရေးကူညီမှုအသင်းအတွက် အဆောက်အဦးတည်ဆောက်ရာ၌ ဘုရားနယ်မြေနှင့် ပေ(၁၀၀)အကွာမှ တည်ဆောက် ခြင်း ဖြစ်ပြီး၊ ညောင်ဦးမြို့နယ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြေစာရင်းရုံးများက တည်ဆောက်ခွင့်ရ၍ တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဆောက်တာကလည်း မြေစာရင်းရုံးနှင့် ခရကတို့က ခွင့်ပြုလို့ ဆောက်တာပါ’’ဟုမြင်းကပါနာရေး အတွင်းရေးမှူး ကိုမြဇော်ကပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဟိုတယ်အသစ်များ ၊စားသောက်ဆိုင်များ ယခုလက်ရှိအထိ တည်ဆောက်နေကြောင်း၊ ထိုကဲ့သို့တည်ဆောက်နေခြင်းကြောင့် ပုဂံမြို့သစ်သို့ ပြောင်းရွှေ့ပေးခဲ့ရသော နေအိမ်အများစုမှာ ထိုက်တန်မှုမရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

ယခုနှစ်စက်တင်ဘာလအတွင်းတွင် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ရှေးဟောင်းနယ်မြေအတွင်း အဆောက်အဦးအသစ်များ တည်ဆောက်ခွင့် မပြုကြောင်းကိုလည်း ပြောကြား ထားသည်။

ပုဂံညောင်ဦးရှေးဟောင်းနယ်မြေအတွင်းတွင် အဆောက်အဦးသစ်များတည်ဆောက်နေခြင်းကြောင့် သမ္မတထံစာ တင်ပြီး ဆန္ဒထုတ် ဖော်သွားမည်ဟု ပုဂံရှေးဟောင်း နယ်မြေယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့