Thursday, October 11, 2012

ရခိုင်၌ ညမထွက်ရအမိန့်အား ဒုတိယအကြိမ် ထပ်မံလျှော့ပေါ့သတ်မှတ်

မိုးဝေ ရခိုင်ပြည်နယ်(မြစ်မခ)
11 Oct, 2012

ပဋိပက္ခများကြောင့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ရခိုင်ပြည်နယ်၌ ဒုတိယ အကြိမ် မြောက်ထပ်မံ လျှော့ချ လိုက်ပြီဖြစ်သည်။

သြဂုတ်လအတွင်းက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ညနေ (၇)နာရီမှ နံနက် (၅)နာရီအတွင်း ထုတ်ပြန် ထား ခဲ့ရာမှ ယခုအခါ ညနေ(၁၀)နာရီမှ နံနက်(၄)နာရီအထိ အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြစ် သည်။

စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ကျောက်ဖြူ၊ ကျောက်တော်စသည့်မြို့နယ်(၇)မြို့နယ်တွင် ည မထွက်ရ အမိန့် ပုဒ်မ(၁၄၄)အားထုတ်ပြန်ထားရာ သံတွဲမြို့တွင် ညမထွက်ရ အမိန့်အား ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

''သံတွဲမြို့ကို ဒုတိယအကြိမ် ရက်ပေါင်း (၆၀)ပြည့်တဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်ပြီးတော့ အမိန့်ကို ထုတ်ပြန်ခြင်း မရှိတော့ဘူးပေါ့၊ ထုတ်ပြန်ခြင်းမရှိတော့တဲ့အတွက်ကြောင့် ကျင့်ထုံးပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အမိန့်ဟာ ပြန် လည် ရုပ်သိမ်းလိုက်ပြီ''ဟု ညမထွက်ရအမိန့်ထပ်မံလျော့ချလိုက်ခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူကဆက်လက်၍''ကျန်တဲ့မြို့နယ်တွေကတော့ ညနေ(၇)နာရီက နံနက်(၅)နာရီအထိ သတ်မှတ်ထား တာကို ညနေ(၁၀) နာရီ ကနေပြီးတော့ နံနက်(၄)နာရီ အထိ (၄)နာရီလျှော့ပေါ့ သတ်မှတ်လိုက်တယ်''ဟု ၄င်းက ပြောသည်။

ယခုလို (၄)နာရီ လျှော့ပေါ့သတ်မှတ်လိုက်ခြင်းမှာ လက်ရှိအခြေအနေအရ တည်ငြိမ်မှု တိုးတက်ကောင်းမွန် လာခြင်း ကြောင့်နှင့် ကျောင်းသူ၊ကျောင်းသားများ၏ ပညာရေး အကျိုးငှာ သက်ဆိုင်ရာ အာဏာပိုင်များက လျှော့ပေါ့ လိုက်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

နောက်ထပ် ရက်ပေါင်း(၆၀)ပြည့်သည့်အခါ ၄င်း အမိန့်ကိုသက်ဆိုင်ရာ အာဏာပိုင်များမှ အခြေအနေကို ကြည့်ပြီး ထပ်မံသုံးသပ် သွားရန် အစီအစဉ်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးခံထားရသူများကိုလည်း စက်တင်ဘာလအတွင်းပြန်လွှတ်ပေး လိုက်ပြီဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့