Tuesday, October 9, 2012

ရွှေဘိုခရိုင်တွင် မြွေများလျော့နည်းလာ၍ ကြွက်သောင်းကျန်းနေ

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
9 Oct, 2012

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း မြွေများလျော့နည်းသွားပြီး မြွေအစာဖြစ်သည့်ကြွက်များပေါများလာကာ တောင်သူ စပါးစိုက်ခင်းများတွင် ကြွက်များပိုမိုသောင်းကျန်းလာကြောင်း တောင်သူလယ်သမားများထံက သိရသည်။

“အရင်က ကျုပ်တို့ဘက်မှာ ကြွက်ဆိုတာ မရှိသလောက်ရှားတယ်။ အခုလယ်ထဲကစပါးတွေ အကိုက် ခံရမှာစိုးလို့ တကူးတကကို သွားသွားစောင့်နေရတယ်။ စပါးစိုက်ခင်းတွေ ကြွက်ကိုက်ခံရရင် အသီး မအောင်တော့ဘူး။”ဟု ၀က်လက်မြို့နယ်မှ တောင်သူ ဦးမြင့်ဆန်းက ပြောသည်။

ကြွက်စားသော မြွေများလျော့နည်းလာခြင်းမှာ လူနည်းစု တရားမ၀င်မြွေများ ဖမ်းဆီးစီးပွားရှာသည့် နည်းလမ်းများ အသုံးပြုလာ ခြင်းနှင့် မြွေဖမ်းသောသူအချို့မှာ ရရှိသောမြွေများအား ပိန်နှင့် ရောင်းချပြီး တစ်ချို့မှာ တရုတ်ဘက်သို့ မှောင်ခိုပို့ခြင်း ကြောင့် ဖြစ်သည်ဟု သိရသည်။

“ကြွက်ကိုက်တယ်ဆိုတာကို အောက်ပြည်အောက်ရွာတွေမှာပဲ ကြားဖူးတယ်။ဒီဖက်မှာ အရင်ကသိပ်မရှိဘူး။ အခုမှများလာတာ။ အရင်နွေစပါးကျဲတုန်းက အခင်းတွေထဲ မျိုးစပါးတွေကြွက်စားလို့ လူငှားရိုက်တာတစ်ညကို အကောင်ရှစ်ဆယ်ကိုးဆယ်လောက် ရတယ်။”ဟု တောင်သူ ဦးစိုးမြင့်အောင်က ပြောသည်။

ကြွက်များပိုမိုပေါများလာခြင်း၏ အဓိကအချက်မှာ မြွေဖမ်းစီးပွားရှာသူများပြားလာသောကြောင့်ဖြစ်ပြီး၊ ကြွက်စားသော မြွေလျော့ နည်းလာခြင်းကြောင့် ဂေဟစနစ်ပျက်စီးပြီး ကြွက်ပေါက်ဖွားလာမှု လျှင်မြန်ကာ တောင်သူစိုက်ခင်းများ စားသုံးဖျက်စီးသည် အဆင့် အထိ ရောက်ရှိလာခြင်းဖြစ်သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့