Wednesday, October 10, 2012

နိုင်ငံတကာ လုပ်ငန်းရှင်တွေကို မြန်မာတွေ ဘယ်လိုယှဉ်မှာလဲ

နေလင်းအောင်
အောက်တိုဘာလ ၀၉ ရက် ၂၀၁၂ ခုနှစ်

(စိတ်ဖြာလေ့လာချက်)

၂၀၁၅ ခုနှစ်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) စတင်ချိန်တွင် မြန်မာပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ယခုအချိန်ကတည်းက ပြုလုပ်ထား သင့်ပြီး လုပ်ခ သက်သာရေးကိုသာ ဂရုစိုက်မှု မလုပ်သင့်တော့ကြောင်း စီးပွားရေး ပညာရှင်များက သတိပေးနေကြ သည်။

“နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွေးအခေါ်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သား၊ လုပ်အားခတွေက အရေးကြီးတယ်။ ဒါကိုပြန် ကြည့်မယ်ဆိုရင်လည်း လုပ်အားခ သက်သာဖို့က အဓိက မကျတော့ဘူး။ လုပ်အားခ သက်သာဖို့ ပြိုင်တဲ့ ခေတ်မဟုတ် တော့ ဘူး” ဟု ဖိလစ်ပိုင် အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာ စီးပွားရေးပညာရှင် ဒေါက်တာ မျိုးသန့် ကပြောသည်။

AEC အစီအစဉ်အရ အာဆီယံနိုင်ငံများအားလုံးတွင် ဈေးကွက် တခုတည်းပုံစံ ဖြစ်ရန် အကောင်အထည် ဖော်မည် ဖြစ်သည်။ အခြား အာဆီယံနိုင်ငံများမှလည်း မြန်မာ ပြည်တွင်း လုပ်ငန်းရှင်များနှင့် တန်းတူ အခွင့်အရေးများဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခွင့်နှင့် အခွန်ကင်းမဲ့စွာ ကူးသန်းရောင်းဝယ်နိုင်ခွင့်များ ရလာကြမည် ဖြစ်သည်။

“Logistic က အရေးကြီးတယ်။ အချိန်မီ ရောက်လား၊ အချိန်လျော့ပြီး ရောက်လား ဆိုတာတွေ၊ လျှပ်စစ်ဓါတ်အား သက်သာ တာလား ဆိုတာတွေလည်း အရေးကြီးတယ်။ ပြီးတော့ အဓိက အရေးကြီးတာ သိပ်မပြောဖြစ်တဲ့ ကုန်ထုတ် လုပ်မှုစွမ်းအား ဘယ်လောက်ရှိလဲက အဓိက ကျတယ်။ သတ်မှတ်ထားတဲ့ လုပ်ခလစာအပေါ်မှာ ကုန်ထုတ်လုပ်မှု ဘယ်လောက်ရှိလဲ ဆိုတာ တွေက အဓိက ကျတယ်” ဟု သူက ဆက်ပြောသည်။

AEC ဖြစ်လာချိန်တွင် သယံဇာတ ပေါများပြီး အာရှ၏ ဆုံချက်တခု ဖြစ်သော မြန်မာအတွက် အလားအလာများ ရှိသော်လည်း ယှဉ်ပြိုင်မှု ပိုကြီးမားလာမည်ဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ပြင်ဆင်ထားသင့်သည်ဟုလည်း “အခုကတည်းက အစပြုနိုင်မှ ကြိုးစားနိုင်မှ တော်ရုံကျမယ်။ ကျနော်တို့ နိုင်ငံ အနေနဲ့က ပြိုင်ရမယ့် အဆင့်တွေ အများကြီးရှိတယ်” ဟု ဒေါက်တာမျိုးသန့် က ဆိုသည်။

ပြည်တွင်းလုပ်ငန်းများအနေဖြင့် ဆွေးနွေးပွဲများ များများ ပြုလုပ်၍ ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် လိုအပ်ပြီး ပညာရှင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်ဖို့လိုအပ်ကြောင်း သူက ပြောသည်။

AEC နှင့် အပြောင်းအလဲ

အာဆီယံ စီးပွားရေး အသိုက်အဝန်း စတင်ချိန်တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ကား ကုမ္ပဏီများ၊ လျှစ်စစ်ကဏ္ဍ၊ ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သစ်လုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ၊ ရာဘာခြံလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများတွင် အာဆီယံ ၁၀ နိုင်ငံအတွင်း လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်ခွင့် ရလာမည် ဖြစ်သည်။

တနိုင်ငံနှင့် တနိုင်ငံ ကုန်စည်တင်ပို့မှုများမှာလည်း အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်၍ ယင်းအခြေအနေတွင် အာဆီယံနိုင်ငံများ အတွင်း ကုန်စည်စီးဆင်းမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ တိုးလာမည် ဖြစ်သည်။

“မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက အာဆီယံထဲမှာ အချမ်းသာဆုံးပဲ။ ကျန်တဲ့ ဘရူနိုင်း၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက သူတို့ရဲ့အောက်မှာပဲ ရှိတယ်။ ဒီတော့ တကယ် ယှဉ်ပြိုင်ရတော့မယ့် အချိန် ရောက်ရင် ကျနော်တို့နိုင်ငံအနေနဲ့ သူတို့ကို မီဖို့ မနည်း ကြိုးစားရမယ်” ဟု Myanmar Marketing Committee – Myanmar Tourism Federation ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်လည်း ထို ချမ်းသာနိုင်ငံများ နောက်မှ လိုက်နေရသည်။ ၁၉၉၆ ခုနှစ် တွင် စတင်ခဲ့သော မြန်မာခရီးသွားလုပ်ငန်းသည် ယမန်နှစ်က ခရီးသည် သုံးသိန်း ရှစ်သောင်းကျော် လည်ပတ်ရောက် ရှိခဲ့သော် လည်း ယင်းပမာဏသည် လာအိုနိုင်ငံသို့ ဝင်သော ဧည့်သည်ပမာဏထက်ပင် နည်းပါးကြောင်း ၎င်းက ဆက်ပြောသည်။

“အခုအချိန်မှာ ကမ္ဘာတဝှန်းက ခရီးသွား ဧည့်သည်တွေ စီးပွားရေးသမားတွေက မြန်မာနိုင်ငံကို ဝင်လာနေကြပြီ။ အဓိက အခက် အခဲက အခြေခံအဆောက်အအုံတွေ မလောက်ဘူး။ ၂၀၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အမြုံ အနေနဲ့ တခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှု အခြေခံဒေသဖြစ်ဖို့ ပြင်ဆင်တဲ့အခါ ခရီးသွား လုပ်ငန်းတွေအတွက် အခြေခံအဆောက်အအုံတွေက အဓိကကျတဲ့အခန်းက ပါဝင်နေတယ်။ ခရီးသွားလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုတွေက ဟိုတယ်လုပ်ငန်းအပြင် သယ်ယူပို့ ဆောင် ရေး၊ စားသောက်ရေးတွေကပါ ပြည့်စုံဖို့ လိုအပ်တယ်” ဟု ဦးဖြိုးဝေရာဇာ ကပြောသည်။

ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှု

AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံလုံးမှာ တခုတည်းသော ရင်းနှီးမြှုပ်နှံမှု ဈေးကွက် အတွင်းတွင် ပါဝင်လာမည် ဖြစ်၍ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အခြား အာဆီယံနိုင်ငံများနှင့် ကွာခြားနေလျှင် အခက်အခဲ ရှိနိုင်ကြောင်း လည်း သမ္မတ အကြံပေး တဦးဖြစ်သော စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး က ဆိုသည်။

“ကိုယ့်နိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲမှု အခုမှ စပြီးလုပ်တာ ဖြစ်လို့ အခြား အာဆီယံနိုင်ငံတွေရဲ့ အတွေ့အကြုံတွေ အားနည်းချက်တွေကို ချိန်ဆပြီး လုပ်ဖို့ အခွင့်အလမ်းတခု ဖြစ်တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ စီပွားရေးနဲ့ပတ်သက်ပြီး ပညာ၊ ရင်းနှီး မြှုပ်နှံမှုပိုင်းတွေကို ကြည့်မယ်ဆိုရင် ဒီအာဆီယံနိုင်ငံတွေကို လေ့လာအတုယူပြီး လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည်လည်း အာဆီယံထဲက တနိုင်ငံဖြစ်သောကြောင့် ရင်းနှီးမြှု့ပ်နှံလိုသူများက အခြားအာဆီယံနိုင်ငံများ နှင့်နှိုင်း ဆပြီး ဝင်ရောက်လာမည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အခြား အာဆီယံနိုင်ငံတွေထက် အားကောင်းဖို့လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အခါ ပြဿနာ ဖြစ်နိုင်သော လုပ်ငန်း ကဏ္ဍများတွင် နိုင်ငံတော်က အခက်အခဲ ဖြစ်နေသော ပြည်တွင်းလုပ်ငန်းရှင်များအတွက် မြေတောင်မြှောက် အားပေးဖို့လိုအပ်ကြောင်း ဒေါက်တာဇော်ဦး က ပြောသည်။

ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများသို့ ပြေးဆွဲသော KMA Shipping Company Limited အမှုဆောင် အရာရှိချုပ် ဦးဆွေလင်း ကလည်း အလားတူ အကြံပြုထားသည်။

“ဒီမှာက အခုမှ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်လို့ သင်္ဘော လုပ်ငန်းကလည်း ပြည်တွင်းက အခုနောက်ပိုင်းမှ လုပ်လာတာ ဖြစ်လို့ ပြိုင်ဆိုင်မှုက ပိုကြီးတယ်။ နိုင်ငံခြား သင်္ဘောလိုင်းတွေက ဒီလုပ်ငန်းမှာ ရပ်တည်လာတာ ကြာလို့ အားသာချက် ပိုရှိတယ်။ သူတို့ကို လိုက်မီဖို့ဆိုတာ အများကြီး လိုသေးတယ်။ ဒါပေမယ့် နိုင်ငံတော်က ကိုယ့်နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေကို တဖက် တလမ်းက ပံ့ပိုးပေးမယ်ဆိုရင် ယှဉ်ပြိုင်ရတာ တပန်းသာနိုင်ပါတယ်” ဟု ဆိုသည်။

AEC စတင်သည့်အချိန်တွင် မြန်မာနိုင်ငံတွင်းမှ ငွေကြေးတတ်နိုင်သူများမှလည်း အခြား အာဆီယံ နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိမည်ဖြစ်၍ အခွင့်အလမ်းများ ပိုများလာနိုင်သလို စိန်ခေါ်မှုများလည်း ပို၍ များလာမည် ဖြစ်သည်။

AEC နှင့် ဈေးကွက်

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်သာ ရှိသော်လည်း AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံ ပေါင်းလိုက်ပါက လူဦးရေ သန်း ၆၀၁ သန်း ရှိလာမည်ဖြစ်၍ ဈေးကွက်သည်လည်း ၁၀ ဆ ကြီးမားလာမည် ဖြစ်သည်။

ထိုကြီးမားလာသည့် ဈေးကွက်အတွင်း မိမိနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ထိုးဖေါက်နိုင်ရန်မှာ အခြားနိုင်ငံများ၏ ထုတ်ကုန်အရည် အသွေး၊ ဈေးနှုန်းများနှင့် ယှဉ်ပြိုင် ထိုးဖေါက်ဖို့လိုအပ်ကြောင်း ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ အကြီးတန်း အကြံပေးအရာရှိ ဦးတင်ချို က ပြောသည်။

“ဒီလိုအခြေအနေမှာ ဝန်ဆောင်မှုတွေက သူများနဲ့ ယှဉ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံက ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင် ကြီးပြင်းလာရတော့ ဆိုရှယ်လစ်စနစ်က ရောင်းသူ ဈေးကွက်။ အခုခေတ်က ဝယ်သူဈေးကွက်။ ဒါပေမယ့် ဒီနိုင်ငံမှာက အုပ်ချုပ်သူလူတန်းစားတွေမှာတောင် ဒါကို နားမလည်တာတွေ ရှိနေသေးတယ်။ ဒါကြောင့် သူများနိုင်ငံနဲ့ ယှဉ်တဲ့အချိန်မှာ ကိုယ်က ဘယ်လောက်ထိ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်မလဲဆိုတာ တော်တော် အရေးကြီးတယ်”ဟု ဆိုသည်။

AEC စတင်ချိန်သည် အခြား အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာချိန်ထိ နောက်ကျနေမည် ဆိုပါက အချို့သော လုပ်ငန်းများမှာ ပျက်စီး ဆုံးရှုံးသွားနိုင်ကြောင်း ဦးတင်ချို က သုံးသပ်သည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသည်လည်း နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များအတွက် အတားအဆီး မဖြစ်ရန် လိုအပ်ကြောင်းလည်း “ကိုယ့်နိုင်ငံသား လုပ်ငန်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာနိုင်အောင် တားဆီးတဲ့ ဥပဒေမျိုး ဖြစ်နေရင် ပြည်တွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက အရမ်းအရေးကြီးတယ်”ဟု ဦးဝင်းချိုက ဆိုသည်။

မြန်မာနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်/သွင်းကုန် ပမာဏ

ယခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀,၄၃၁.၄၅၄ တန်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး အများဆုံးမှာ စွမ်းအင်ကဏ္ဍတွင် ဖြစ်သည်။ ၎င်းနောက်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းနှင့် သတ္တု တူးဖေါ်ရေး လုပ်ငန်းများ ရှိသည်။

တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ယင်းနောက်တွင် ထိုင်းနှင့် ဟောင်ကောင်တို့မှာ အသီးသီးရပ်တည် နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖေါ်ပြထားသည်။

ပို့ကုန်/သွင်းကုန် ကဏ္ဍတွင်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ပနိုင်ငံများသို့ ဒေါ်လာသန်းပေါင်း ၉,၁၃၅.၆ သန်း တင်ပို့နိုင်ပြီး ၉,၀၃၅.၀၆ သန်းဖိုး တင်သွင်းခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ဒေါ်လာ သန်းပေါင်း ၃,၂၃၀.၇၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ၃,၃၈၃.၃၂၅ သန်းဖိုး တင်သွင်းခဲ့သည်။

စက်မှုကုန်ချောကို အများဆုံးတင်ပို့နိုင်ပြီး လယ်ယာထွက်မှာ ဒုတိယအများဆုံး ပို့ကုန်ဖြစ်ကာ တတိယအနေဖြင့် သတ္တုတွင်းထွင်း ထွက်ပစ္စည်းများ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။

ပြည်တွင်းလုပ်ငန်းများ၏ ၉၀% ခန့်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်းများသည် အခြေခံလူတန်းစား အထိ အလုပ်အကိုင် ဖန်တီးပေးသော လုပ်ငန်းများဖြစ်၍ အသေးစား၊ အလတ်စားလုပ်ငန်းများ ရေရှည် ရပ်တည်နိုင်ရေးမှာလည်း အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ပြည်တွင်းရှိ လုပ်ငန်းများတွင် အကြီးစားလုပ်ငန်း ၄,၈၀၈ ခု၊ အလတ်စားလုပ်ငန်း ၇,၂၈၇ ခုနှင့် အသေးစားလုပ်ငန်း ၃၁,၁၃၇ ခု၊ စုစုပေါင်း ၄၃,၂၃၂ ခု ရှိပြီး ယင်းအချိုးကို ပြန်ကြည့်ပါက အကြီးစားလုပ်ငန်းမှာ ၁၁% သာ ရှိပြီး အလတ်စားက ၁၆ % နှင့် အသေးစားလုပ်ငန်းများက ၇၂% ရှိကြောင်း စက်မှုဝန်ကြီးဌာနရှိ စာရင်းဇယားများအရ သိရရှိသည်။

ပြည်တွင်း လုပ်ငန်းအုပ်စုများတွင် စားသောက်ကုန်လုပ်ငန်းက ၆၃.၅၁%၊ နေထိုင်ရေး ၁၃.၅၇%၊ လူသုံးကုန် ၇.၅၈%၊ အိမ်သုံး ပစ္စည်း လုပ်ငန်းမှာ ၃.၉၈% စသည်ဖြင့် အသီးသီး ရပ်တည်နေကြောင်းလည်း ယင်းစာရင်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရှိ ရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့