Wednesday, October 10, 2012

ဒဂုံဆိပ်ကမ်း စီမံကိန်းမြေပေါ်မှ သိမ်းဆည်းခံတောင်သူများအား ဂရုဏာကြေးပေးမည်

ရန်နိုင်(မြစ်မခ)
10 Oct, 2012

ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ကျေးရွာအနီးတဝိုက်ရှိ စီမံကိန်းမြေများပေါ်၌ လယ်ယာလုပ်ကိုင် နေကြသူ များ ပြောင်းရွေ့ပေး ရသည့်အပေါ်ဂရုဏာကြေးပေးအပ်သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီအခွန်များဌာန တာဝန်ရှိ သူများက ပြောကြားခဲ့ကြသည်။

“လယ်သမား (၃၄) ဦးအထဲက ပေးထားတာ လက်ရှိ (၁၃) ဦးရှိသွားပါပြီ။ ပေ(၄၀)ပေ (၆၀)မြေကွက်တွေကိုလည်း ပြန် လည်ပေးဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအခွန်များဌာနမှ ကော်မတီဝင်(၅) ဦးကျော်မင်း က ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အတွင်းရှိ အသံအနံ့ စီမံကိန်းဇုံများပေါ်တွင် လယ်ယာလုပ်ကိုင်နေသော လယ်သမား များအား အဆိုပါ မြေနေရာမှပြောင်းရွေ့ခိုင်းထားခြင်းနှင့် ပတ်သတ်၍ ရန်ကုန်မြို့ မြို့တော် ခန်းမ၌ အောက်တို ဘာ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လယ်သမား(၁၃) ဦး၏လယ်ဧကစုစုပေါင်း (၆၉.၄၆၆) ဧကကို တစ်ဧကလျှင် နှစ်သိန်း နှုန်းဖြင့် တန်ဖိုးငွေစုစု ပေါင်း (၁၃၈၉၂၀၀၀)ကျပ်အား ပေးအပ်ထားပြီးဖြစ်ကြောင်း ကျန်ရှိသော လယ်သမား(၂၁) ဦး၏ လယ်ဧက စုစုပေါင်း (၁၈၇.၃၀) ဧကတို့အား မြေရသည်နှင့် တပြိုင်နက် ဂရုဏာကြေးများကို ပေးအပ်သွားမည်ဟု တရားဝင်စာ ထုတ်ထားကြောင်း အခွန်ဌာနက သိရသည်။

စီမံကိန်းဇုန်ပေါ်ရှိ လယ်ယာလုပ်နေသူတိုင်းကို ဂရုဏာကြေး ပေးမည်မဟုတ်ပဲ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ရယူထားသော ဦးပိုင်အမည်ပေါက်ဖြင့် မြေစာရင်းရှိလူများသာလျှင် ဂရုဏာကြေး အဖြစ် ကျပ်ငွေနှစ်သိန်း ရရှိမည်ဖြစ်သည်။

“ဥပဒေအရ ဆောင်ရွက်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် တချို့မသိဘဲ လယ်စိုက် ပျိုးထားတဲ့ လယ်သမား တွေကို ဖယ်ရှားပေးဖို့ သက်ညှာတဲ့အနေနဲ့ အချိန်တစ်ခုတော့ ပေးသင့်တယ်လို့ မြင်တယ်။ စိုက်ပျိုးဖို့ ရင်းထားတဲ့ ပိုက်ဆံတွေ ကလည်း သူတို့အနေနဲ့ဆို မနည်းဘူးလေ”ဟု အထက်တန်းရှေ့နေတစ်ဦးက သုံးသပ်သည်။

အဆိုပါ အသံအနံ့ဇုန် (၁)၊ (၂)၊ (၃) တို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက် မြို့နယ်နှင့် အိုးအိမ်ဖွံ့ဖြိုးရေးမှ တဆင့် မြေစာရင်းက တိုင်းတာတွက်ချက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်၍ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အသံအနံ့ဇုန်များအတွက် သတ်မှတ်ဧကမှာ(၄၄) ဧကသာရှိသော်လည်း (၂၀၁၂) မတ်လအတွင်းက ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေ ကိုယ်တိုင်အဆိုပါ ဇုံနေရာများသို့ ရောက်ရှိလာပြီး (၁၀၂.၈၆၆) ဧကအဖြစ် ထပ်မံ အတည်ပြု သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့