Tuesday, October 9, 2012

နားလည်မှုရှိသည့် ဆက်ဆံရေးလိုလားနေသူ ကျောက်မဲမှ ဆိုင်အကူဈေးသည်များ

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
8 Oct, 2012

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့ရှိ ညလုံးပေါက်ဖွင့်လှစ်ပေးသော ကားရပ်နားရာဆိုင်များ၌ ဆိုင်အကူဈေး သည်များအား ဆိုင်ရှင်များမှ ဖိနှိပ်ဆက်ဆံမှုများရှိနေသည်ဟု ဈေးသည်များက ဆိုသည်။

ဆိုင်ရှင်များမှ မတရားအော်ငေါက်ခြင်း၊ ဆူပူခြင်းများနှင့် လခမှာမူ လုံလောက်စွာ မပေးသည့်အပြင် ဆိုင်ရှင်သို့ တစ်နေ့လျှင် ကျပ် (၅၀၀)ပြန်လည်ပေးဆောင်နေရကြောင်းကိုလည်း သိရသည်။

"ကျွန်မတို့က ကိုယ့်အရင်းနဲ့ ကိုယ်ဈေးရောင်းတာပါ။ ဆိုင်မှာ ရောင်းခွင့်ပေးတဲ့အတွက်ဆိုင်အလုပ်ကို ကူလုပ်ပေး တာပဲရှိတယ်။ ဒါပေမဲ့ ကားတွေရပ်လို့ စားသုံးသူ တွေလာရင် ငါဆိုင်ရှင်ပဲ ဆိုပြီးဆိုင်ကို လာတဲ့ လူတွေရှေ့မှာ ဆူပူပြီးခိုင်း တာတော့ မကောင်း ဘူး။"ဟု အမှတ်(၂)ရပ်ကွက် ပန်ပေါင်းရပ်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ညအိပ်ဈေးရောင်းသူ အသက်(၂၅)နှစ်အရွယ် ဈေးသည် တစ်ဦးကပြောသည်။

အဆိုပါ ဈေးရောင်းချသူများမှာ အသက် ၂၀ အရွယ်မှ အသက် ၅၀ ၀န်းကျင်ထိရှိသော ဒေသခံအမျိုးသမီးများ ဖြစ်ကြပြီး ဈေးသည် တစ်ဦး၏ နေ့စဉ်ဝင်ငွေမှာ တစ်ညလုံး ဈေးရောင်းကာမှ ရောင်းအားပေါ်မူတည်၍ ကျပ်(၂၀၀၀ )မှ ကျပ် (၄၀၀၀) ၀န်းကျင်ထိသာ ရရှိနေခြင်းဖြစ်သည်။

၎င်းတို့ရောင်းချလေ့ရှိသည့်ပစ္စည်းများမှာ ကြက်ဥပြုတ်၊ မရွေး၊ ခေါပုတ်ထုတ်နှင့် အချဉ်ပေါင်း မုန့်ပဲသရေစာများရောင်း ချလေ့ရှိ ကြသည်။

အဝေးပြေးကားဂိတ်မှ ထမင်းဆိုင်အများစုမှာ ဆိုင်အကူစားပွဲထိုးဝန်ထမ်း သီးသန့်မရှိပဲ ဈေးသည်များနှင့် ဟင်းလျာ ချက်ပြုတ်သူ များကိုသာ ငှားရမ်းအသုံးပြုလေ့ရှိကြောင်းကိုလည်းသိရသည်။

`တစ်ချို့ဆိုင်ရှင်တွေက သားသမီးချင်းကိုယ်ချင်းမစာကြဘူး။ သန့်ရှင်းရေးလုပ်ခိုင်းတယ် အိမ်သာကအစ ဆေးပေးရ တယ်။ ဧည့် သည် တွေရှေ့မှာ ငေါက်ငမ်းပြီး ခိုင်းစေတာ မျိုးကျတော့ အရမ်းရှက်ဖို့ ကောင်းတယ်။ ပြန်ပြောရင်လဲ သူ့ဆိုင်မှာ ရောင်းခွင့်မ ပေးမှာကို ကြောက်ရတယ်။´ဟု အသက်၂၀ အရွယ်ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ညအချိန်ဖြတ်သန်းသွားလာသော အဝေးပြေးခရီးသည်တင်ကားများအတွက် စားသောက်ဖွယ်ရာများ နှင့်လက်ဆောင် ပစ္စည်းများကို ကားရပ်နားရာ ထမင်းဆိုင်များတွင် ညအိပ်စောင့်ကာ ရောင်းချရခြင်း ဖြစ်ပြီး ဈေးသည်များကို ဆိုင်ရှင်များမှ အဖွဲ့ခွဲကာ အလှည့်ကျ စနစ်ဖြင့် ဆိုင်သန့်ရှင်းရေးလုပ်ငန်းများ နှင့် ဆိုင်၏ဝေယာဝစ္စများကို လုပ်ကိုင်စေ ကြောင်း သိရသည်။

ထိုသို့ ဆိုင်ရှင်မတရားခိုင်းစေခြင်း၊ ပြောဆိုခြင်းများရှိနေသော်လည်း ဈေးသည်များမှာ ၎င်းတို့အား ဈေးရောင်းချခွင့် မပေးမည်စိုး၍ ဆိုင်ရှင်ကို တစ်စုံတစ်ခုမှ ပြန်လည်ပြောဆိုခြင်းမရှိဘဲ သည်းခံနေခြင်းသာ ဖြစ်သည်။

`တကယ်တန်းတော့ ဆိုင်ရှင်တွေကလဲ ကိုယ့်ဘက်ကိုပဲ မကြည့်ပဲ ဈေးသည်တွေအတွက်လည်း စဉ်းစားပေးသင့်တယ်။ ပြေပြေ လည်လည် နားလည်မှုနဲ့ ဆက်ဆံပေးရင် အခုလိုမျိုး နစ်နာမှုတွေ ရှိလာမှာ မဟုတ်ဘူး။´ဟု ကျောက်မဲမြို့မှ အစိုးရအထက်တန်း ရှေ့နေအမျိုးသမီးတစ်ဦးက သုံးသပ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ရှိ မန္တလေး-လားရှိုးအဝေးပြေးလမ်းမကြီး လမ်းမကြီးပေါ်တွင် ထမင်းဆိုင်ပေါင်း (၁၀)ဆိုင်ခန့် ရှိပြီး ညလုံးပေါက် ဖွင့်လှစ်သော ထမင်းဆိုင်(၂)ဆိုင်နှင့် ၄င်းဆိုင်များတွင် ဈေးရောင်းသော အမျိုး သမီးများမှာ စုစုပေါင်း အယောက်(၂၀၀)၀န်းကျင်ခန့်ရှိကာ ညအိပ် ဈေးရောင်းသော ဈေးသည်များမှာ အယောက် (၅၀) ခန့်ရှိသည်။

ရန်ကုန်မှ လားရှိုး-မူဆယ်သို့ မကြာခဏခရီးသွားတတ်သော ခရီးသွားများ၏ အဆိုအရ ကျောက်မဲမြို့ရှိ ထမင်းဆိုင် များမှာ ဈေးသည် အများဆုံးရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့