Friday, July 20, 2012

မန္တလေးစက်မှုဇုန်(၂)ဆောက်လုပ်စဉ်က လယ်သိမ်းဆည်းခံတောင်သူများ နစ်နာကြေးမရသေးဟုဆို

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
20 Jul, 2012

မန္တလေးစက်မှုဇုန်(၂)အတွက် ရွာသစ်ကလေးကျေးရွာတောင်သူများထံက သိမ်းယူခဲ့သောကွင်းအမှက် (၅၁၈) လယ်မြေဧကပေါင်း (၃၅၅.၃၅)ဧကအတွက် နစ်နာကြေးမရသေးကြောင်းဒေသခံတောင်သူများထံက သိရှိရသည်။

၁၉၉၆-၉၇ခုနှစ်က မန္တလေးစက်မှုဇုန်ု(၂)တည်ဆောက်ရန် လယ်ယာများသိမ်းပိုက်ခဲ့စဉ်ကအစားပြန်ပေးမည်ဟု ပြောကြားခဲ့ သော် လည်း တောင်သူများမှာ ယခုအချိန်အထိမည်သည့်အရာမှ မရသေးပေ။

'ကျုပ်တို့ဘိုးစဉ်ဘောင်ဆက် ကတည်းကလုပ်စားလာတဲ့လယ်တွေကိုဘာမှအကြောင်းမကြားပဲ သိမ်းသွားတယ် အားလုံးပေါင်း (၃၅၅. ၃၅)ဧကတောင်သူဦးရေ (၁၀၀)ကျော် ဘာလျော်ကြေးမှမရလိုက်ပါဘူး၊ အသိမ်းခံရတုန်းကဆိုရင် ရိပ်သိမ်းခါနီးစပါးကိုတောင် ရိတ်ချိန် မရလိုက်ဘူးဘူဒိုဇာတွေနဲ့အကုန်ထိုးဖြတ်တယ်၊ ကျုပ်တို့ မှာ လျော်ကြေးမရတဲ့အပြင်စိုက်ထားတဲ့ စပါးတောင်ဆုံးရှုံးရတယ်”ဟု ရွာသစ် ကလေးကျေးရွာမှတောင်သူဦးကျောက်ခဲက ပြောသည်။

အဆိုပါ ကွင်းအမှက်(၅၁၈)တွင် ရွာသစ်ကလေးကျေးရွာ မယ်တော်စုနှင့်စည်ပင်ရွာမှလယ်မြေများသိမ်းဆည်းခံ ရကြောင်း၊ ထိုအထဲတွင် ရွာသစ်ကလေးကျေးရွာမှ အများဆုံးဖြစ်ကြောင်း သိမ်းဆည်းခံ တောင်သူများတွင် အခွန်ဆောင်ထားသည့်ပြေစာများလည်း ရှိကြောင်း ကိုလည်း ၄င်းကဆက်ပြောသည်။

“ကျွန်တော်တို့လယ်လုပ်စားခဲ့စဉ်က အခွန်ဆောင်ထားတဲ့ပြေစာတွေရှိပါသေးတယ်၊နောက်ပြီးဒုတိယဗိုလ်မှုးကြီး တင်ထွန်းဆီကို စပါး သွင်းရတယ်၊ တာဝန်မကျေလို့ဆိုပြီးအချုပ်ခန်းတောင် ရောက်ခဲ့ရသေးတယ်၊ အဲဒီတုန်းကတော့အာဏာရှင်စနစ်ကြီးစိုးနေတော့ မပြော ရဲဘူးပေါ့ အခုလိုလွတ်လပ်လာတော့ကျွန်တော် တို့အတွက် မျှော်မှန်းချက်လေးတော့ ရှိသေးတာပေါ့ဗျာ' ဟုရွာသစ်ကလေးကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

စက်မှုဇုံ(၂)တည်ဆောက်စဉ်က လယ်ယာမြေသိမ်းခံရသော ရွာသစ်ကလေးကျေးရွာမှတောင်သူလယ်သမားများမှာ ယခင် လယ်ပိုင် ယာပိုင်တောင်သူများဘ၀မှယခုတွင်လယ်မရှိသောကြောင့်စက်မှု(၂)အတွင်းတွင်စက်ရုံများ၊ကားသံဂျီးချွတ်လုပ်ငန်းများတွင်အလုပ် ၀င်ရောက်လုပ်နေရကြောင်းကိုလည်း သိရှိရသည်။

တချိန်ကလယ်ယာပိုင်ရှင်များမှာ လက်ရှိအချိန်တွင်စားဝတ်နေရေးအဆင်မပြေလည်သောကြောင့် ကျောင်းနေ အရွယ် ကလေးများ အားမူလတန်းအောင်ရုံသာထား၍ စက်ရုံများတွင် အလုပ်လုပ်ခိုင်းနေရကြောင်းရွာသားများက ဆိုသည်။

“အရင်ကတော့ လယ်ပိုင်ယာပိုင်ပေါ့ကွယ် အခုတော့သူများဆီမှာ ကူလီလုပ်နေရတယ်၊စီးပွားရေးလည်း အဆင်မပြေတော့နေ တဲ့အိမ် ၀ိုင်းလေးကိုဖဲ့ဖဲ့ရောင်းစားနေရတယ်။ ကလေးတွေကိုအတန်းပညာဆုံးအောင် မထားနိုင်ဘူးကျောင်းထားစရာငွေမရှိလို့ လေး တန်း အောင်ရင်ကျောင်းထုတ်ပြီး မိန်းကလေးဆိုရင် မုန့်စက်ရုံမှာအလုပ်လုပ်ခိုင်းတယ် ယောက်ျားလေးဆို ကားဘော်ဒီရုံမှာ သံဂျီးချွတ် အလုပ်လုပ်ခိုင်းရတယ်။ တစ်ရွာလုံးမှာဘွဲ့ရတဲ့လူ(၄)ယောက်လောက်ပဲရှိတယ်ကျမတို့ဆုံးရှုံးခဲ့တဲ့လယ်မြေတွေအတွက် လယ်ယာမြေ အစားထိုးပေးရင်လည်းပြန်လိုချင်ပါတယ်ဒါမှမဟုတ်ထိုက်သင့်တဲ့ နစ်နာကြေးလိုချင်ပါတယ်။”ဟု ရွာသစ်ကလေးကျေးရွာမှ ဒေါ်တာ က ပြောသည်။

တောင်သူများဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်စားသောက်ခဲ့သောလယ်ယာမြေ များအားနစ်နာကြေးတစုံတရာမှ မပေးပဲသိမ်းဆည်းခံ ရခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးများခံစားနေရပြီဖြစ်သည့်အတွက် မသိနားမလည် သည့်တောင်သူများအပေါ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှကြည့်ရှုစောင့်ရှောက်သင့်ကြောင်းကိုလည်း လယ်သမားအကျိုးဆောင်ရွက်ပေးနေသူကိုဆွေအောင်က အကြံပြုပြော ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့