Friday, July 20, 2012

အပစ်အခတ် ရပ်စဲရေး အခြေအနေ ရှင်းလင်ပွဲ ခရီးစဉ် ပြီးဆုံး

19 July 2012

အပစ်အခတ် ရပ်စဲရေး အခြေအနေကို မွန်ပြည်သူ လူထုအား ရှင်းလင်း တင်ပြပြီး၊ အကြံညာဏ် ရရယူရန် ဇွန်လမှ စတင်ခဲ့သော မွန်ပြည်သစ် ပါတီ၏ ရှင်းလင်းရေး ခရီးစဉ်များသည် ယခု ပြီးဆုံး သွားပြီးဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

“မွန်ပြည်သူ များကတော့ စစ်တပ်မှ သိမ်းထားသည့် လယ်ယာ ခြံမြေများ ပြန်လည် ရရှိရေး ကိစ္စ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စရပ်များကို တင်ပြတောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ရေးမြို့နယ် မော်လမြိုင်၊ ကျိုက်မရောနဲ့ အခြား နေရာတွေမှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေကို ပြန်လည် ရရှိဖို့ ဝိုင်းလုပ် ပေးဖို့ တင်ပြ ထားပါတယ်” ဟု ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) မှ ပြောပါသည်။

၁၉၉၅ ခုနှစ် မှ၂၀၁၂ ခုနှစ်အထိ အစိုးရမှ မြေယာ သိမ်းဆည်းမှု ဧကပေါင်း (၂၀၀၀၀) ခန့် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Human Rights Foundation of Mon Land မှ လှုပ်ရှား ဆောင်ရွက်သူ တစ်ဦးဖြစ်သည့် နိုင်အဲမွန်က ပြောဆိုခဲ့ပါသည်။

မွန်ပြည်သစ် ပါတီသည် ယခု ရရှိထားသည့် ပြည်သူများ၏ အကြံပြုချက်များကို ၄င်းတို့ ပုံမှန်ကျင်းပသည့် အနီးစပ်ဆုံး ပါတီ ဗဟို ကော်မီတီ အစည်း အဝေးသို့ တင်ပြ ဆွေးနွေးပြီး မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို ဆုံးဖြတ် ကြမည်ဖြစ်ပါသည်။

“အနီးဆုံး အစည်းအဝေး ပေါ့လေ၊ ဗဟို အလုပ်မှုဆောင် မဟုတ်ရင် ဗဟိုကော်မတီ အစည်း အဝေးကို တင်ပြပြီး ဆုံးဖြတ် ဆွေးနွေး ကြမှာပါ၊ အကောင်အထည် ဖော်လို့ရနိုင်မယ့် အနေအထားရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချက်ခြင်း ကျွှန်တော်တို့ အကောင်အထည်ဖော် သွားမှာပါ” ဟု ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) မှ ပြောပါသည်။

မွန်ပြည်သစ် ပါတီသည် ၄င်းတို့ ရပ်တည်ရေးအတွက် သစ်တန်ချိန် ၂၀၀၀၀ အား ရေးချောင်းဖျားဒေသ၌ ထုတ်လုပ်ရန် အစိုးရမှ ခွင့်ပြု ထားပါသည်။ ဤကိစ္စ၌လည်း ဤဒေသ၌ သစ်တောများ ပြုန်းတီးသွားနိုင်ဖွယ်ရာ ဖြစ်နိုင်သည်ဟု ဒေသခံ များက စိုးရိမ်နေ ပါသည်။ မွန်ပြည်သစ် ပါတီဖက်ကမူ ၄င်းတို့တွင် သစ်တော စိုက်ပျိုးမှု အစီစဉ်ရှိကြောင်း၊ တချို့နေရာ၌ သစ်များ မျိုးစေ့ သောင်းနှင့်ချီပြီး စိုက်ပျိုး နေပြီးဖြစ်ကြောင်း၊ သစ်တောပြုန်းတီးသွားသော နေရာ၌လည်း ဆက်လက်စိုက်ပျိုး မည့် အစီစဉ်လည်းရှိနေကြောင်း ဆိုပါသည်။

မွန်ပြည်သူများအတွက် ရှင်းလင်းပွဲကို အုပ်စု (၄) ခု ခွဲကာ ဗဟိုဝန်းကျင်နှင့် နယ်စပ်ဒေသ၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်နှင့် ထား ၀ယ်ခရိုင် ဒေသသို့ ဇွန်လလယ်မှ ဇူလိုင်လလယ်အထိ နယ်လှည့်ပြီး ရှင်းလင်းခဲ့ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့