Wednesday, July 18, 2012

အစိုးရ၏ တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ် အပေါ် သံသယဖြင့် KIA တုန့်ပြန်

17 July 2012

တွေ့ဆုံ ဆွေးနွေးရေး အတွက် ညှိနှိုင်းရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ အရေးတကြီး စေလွှတ် လိုက်သော ငြိမ်းချမ်းရေး အကျိုးဆောင် များ၏ ခရီးစဉ်အပေါ် KIO ဖက်မှ သံသယဖြစ် မိသည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။

“ ကျနော်တို့နဲ့ ဦးအောင်မင်း ရုံးနဲ့က တိုက်ရိုက် အဆက်အသွယ်တွေ ရှိကြတယ်။ ဒီလို ရှိရက်သားနဲ့ ဘာကြောင့် အကျိုးတော်ဆောင် တွေကို လွှတ်လာဖို့ လိုအပ် နေသေးလဲ။ အဲဒါ ကျနော်တို့ စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တာပေါ့။ အခုလာတဲ့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် တွေကလည်း နောက်ဆွေးနွေးပွဲ အတွက် တွေ့မဲ့နေရာ အချိန်တွေ ကို ညျိနှိုင်းဖို့ လာတာပါ ဘဲလေ။ ပြီးတော့ သူတို့ထဲမှာ စာ တစောင်တော့ ပါတယ် ဘာရေးထားလဲ တော့မသိပါဘူး။ ဘာဘဲဖြစ်ဖြစ် ဒီလောက်နဲ့ဘဲ ဆိုရင်တော့ ဖုန်းဆက် လိုက်ပေါ့။ ဒါကြောင့် စဉ်းစားစရာတွေ ဖြစ်သွားခဲ့တာပါ”ဟု ဆိုပါသည်။

ဤကဲ့သို့ KIOမှ သံသယ ဖြစ်နေသော်လည်း အစိုးရ အကျိုးတော်ဆောင် များအား လက်ခံပြီး နောက်ထပ်ဆွေး နွေးပွဲ အစီစဉ်အတွက် အကြံပြုချက်များ ဆွေးနွေး ခဲ့ကြပါသည်။ ထိုအထဲ၌ လာမည့်ဆွေးနွေး၌ အပစ်အခတ် ရပ်စဲရေးကိစ္စကို လက်မှတ် ရေးထိုးနိုင်ရန်နှင့် ဒုက္ခသည် များအား နေရပ်ရင်း ပြန်ပို့ရေးကိစ္စကို ဆွေးနွေးကြရန် လိုမည်ဟု အကျိုးတော်ဆောင်များက အဆိုပြုခဲ့ပါသည်။ ထို့အပြင် ဆွေးနွေးပွဲ ကျင်းပမည့် နေရာနှင့် အချိန်တို့ ကိုလည်း ညှိနှိုင်း ခဲ့သော်လည်း ထုတ်ပြန်ခြင်း မရှိပေ။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဖက်မှလည်း၊ ဆွေးနွေးပွဲများ၊ ဆက်လုပ်ရန် သဘောတူသည်၊ သို့သော် တိုက်ပွဲများ ယနေ့ အချိန် ထိ ဖြစ်နေသောကြောင့် အစိုးရတပ်များ နောက်ဆုတ်ခြင်းမရှိပါက အပစ်အခတ် ရပ်စဲ ရေး လက်မှတ် ရေးထိုးရန် အခက်အခဲ ဖြစ်နေမည် ဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ဟု ဆိုပါသည်။

“အပစ်အခတ် ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေး ရပြီးလို့ အစိုးရဘက်က သထောထား နေတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီအပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး ဆိုတာ ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ အပစ်အခတ် ရပ်စဲခဲ့ဘူးတဲ့ (၁၇) နှစ်တိုင်တိုင်ကသက် သေတွေပြခဲ့ပြီး ဖြစ်ပါတယ်” ဟု KIA မှ ပြောရေးဆိုခွင့်ရှိသူ ဆလန်ကပလနန် (ဦးလာ နန်း)ကပြောပါသည်။

KIA နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းးချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် (၅) ကြိမ် တိုင်အောင် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ယနေ့အထိ အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ် မရေးထိုး နိုင်ခဲ့သေးပေ။ အကြောင်းမှာ အစိုးရသည်၊ အပစ် အခတ် ရပ်စဲရေးကို အသုံးချပြီး အမြတ်ထုတ် သွားမည်ကို သံသယဖြစ်နေ ကြပါသည်။

ယခုလည်း ပြည်ထောင်စု ငြိမ်းးချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုက်ရိုက် အဆက်အသွယ်ရှိ လျှက်နှင့် ကြားလူ သုံးသွားသည့် အပေါ် ရိုးသားမှုရှိမရှိ ဆန်းစစ် နေခြင်းဖြစ်သလို ရှေ့ဆက် ဆွေးနွေးပွဲ အတွက် လည်း အကျိုးရှိရန် KIO မှဆောင်ရွက် နေခြင်းဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့