Wednesday, July 18, 2012

တိုင်းနှင့်ပြည်နယ် အစိုးရများ လုပ်ပိုင်ခွင့် တိုးပေးရေးအဆို တင်သွင်းထား

ဝေစန္ဒာ
ဇူလိုင်လ ၁၇ ရက် ၂၀၁၂ ခုနှစ်

တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့တို့၏ လုပ်ပိုင်ခွင့်များ တိုးပေးရေး အဆိုကို ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင်လ ၁၃ ရက်နေ့က တင်သွင်းထားကြောင်း တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးပေါင်းကော်မတီ အတွင်းရေးမှူးများက ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါ ဒါကို ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင် ထားရှိ ဖို့အဆို ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား-၁ ကနေ ဇယား-၂ ကို ရွှေ့ဆိုင်းပေးဖို့ပါ။ သဘော ကတော့ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေကို အခုထက်ပိုပြီး လုပ်ပိုင်ခွင့်တွေ တိုးပေးဖို့ပေါ့” ဟု ကော်မတီ အတွင်းရေးမှူး တဦးဖြစ်သည့် ဒေါ်ဒွဲဘူက မဇ္စျိမကို ပြောသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ အသီးသီးဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ နှစ်ရပ်သည် မေလ ၂၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့ထိ တိုင်းနှင့်ပြည်နယ်များ သို့ လေ့လာ ကွင်းဆင်း ခဲ့ကြသည်။

ထိုလေ့လာတွေ့ရှိချက်များအရ ပြည်ထောင်စုလွှတ်တော်သို့ အဆို ၁၄ ခုကို တင်သွင်းထားခဲ့ပြီး မေးခွန်း ၃ ခုကို ပြင်ဆင်နေ သည် ဟု ကော်မတီ အတွင်းရေးမှူးတဦး ဖြစ်သည့် ဦးခက်ထိန်နန်က ပြောသည်။

“ကော်မတီဝင်တွေကို ဘယ်သူက ဘာခေါင်းစဉ်နဲ့ ဆွေးနွေးရမယ်ဆိုပြီး ခွဲတမ်းတာဝန်ပေးထားတယ်” ဟု ပြောသည်။

ထိုအဆိုများမှာ ကော်မတီ၏ လေ့လာရေးခရီးစဉ်အတွင်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီး များ၊ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ များ၊ ဒေသခံ ပြည်သူများ၏ တင်ပြချက်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တင်ပြထားပြီး အဆိုများမှာ တိုင်းနှင့် ပြည်နယ်အစိုးရများ၏ ရပိုင်ခွင့် လုပ်ပိုင်ခွင့်၊ တိုင်းရင်းသား စာပေ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အနုပညာ၊ ယုံကြည် ကိုးကွယ်ရာဘာသာ သာသနာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ တိတိကျကျ ပြဋ္ဌာန်းပေးရေး၊ ပြည်ထောင်စုအဆင့်တွင် တိုင်းရင်းသား ဝန်ကြီးတဦးနှင့် ဝန်ကြီးဌာန ဖွင့်လှစ်ပေးရေးကိစ္စနှင့် ငြိမ်းချမ်းရေးကိစ္စများနှင့် ပတ်သက်သည့်အဆိုများ တင်ပြထားခြင်းဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးများက ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့