Friday, July 20, 2012

အမေရိကန်၏ မြန်မာ့သွင်းကုန်တားမြစ်မှု ဥပဒေကြမ်း သက်တမ်းတိုးရန် နီးစပ်

ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုအား နောက်ထပ် သုံးနှစ် သက်တမ်း ထပ်မံတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။

သွင်းကုန်များ တားမြစ်မှုကို ဆက်လက် သက်တမ်းတိုးရန် ဆုံးဖြတ်ချက်အား အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုဥပဒေအား အထက်လွှတ်တော် တခုလုံးမှ ဆက်လက် ဆုံးဖြတ် ရဦးမည် ဖြစ်သည်။

ထိုဥပဒေအား အတည်ပြုလိုက်လျှင်သော်မှ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်နေလျှင် ဆုလာဘ်တခုအဖြစ် ထိုဥပဒေအား အချိန်မရွေး ပယ်ဖျက်ပေးနိုင်သည်။

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်မှ ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူ မှုအား ဖယ်ရှားပေးရေးအတွက် ကြိုးစားပေးပါရန် အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell အား ဗုဒ္ဓဟူးနေ့တွင် တယ်လီဖုန်းဖြင့် မေတ္တာရပ်ခံခဲ့သေးသည်။ သို့သော် ကုန်သွယ်ရေး တားမြစ်မှုအား သက်တမ်းတိုးလိုက်ခြင်းအပေါ် အမေရိကန် အစိုးရ အဖွဲ့ဝင် အများအပြားက ထောက်ခံကြဖွယ်ရှိပြီး ထို ကုန်သွယ်ရေးတားမြစ်မှုအား သက်တမ်း တိုးလိမ့်မည်ဟု မျှော်လင့်ရသည်။

ထို ကုန်သွယ်ရေး တားမြစ်မှု ဥပဒေအား ၂ဝဝ၃ ခုနှစ်တွင် စတင်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လအကုန်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သဖြင့် သက်တမ်းတိုးရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုဥပဒေထဲတွင် ကုန်သွယ်ရေး တားမြစ်မှုအား အိမ်ဖြူတော်က သက်ညှာ လျှော့ပေါ့ပေးခွင့်နှင့် ရပ်ဆိုင်းပေးခွင့် စသည့် အိမ်ဖြူတော်၏ လုပ်ပိုင်ခွင့်နှင့် ပတ်သတ်သော အချက်လည်း ပါဝင်သည်။

သွင်းကုန် တားမြစ်မှု ဥပဒေ မချမှတ်မီ နောက်ဆုံးနှစ် ဖြစ်သည့် ၂ဝဝ၂ ခုနှစ်က အမေရိကန်သည် မြန်မာနိုင်ငံမှ ဒေါ်လာ ၃၅၆.၄သန်း တန်ဖိုးရှိသည့် အဝတ်အထည်နှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် အမေရိကန်၏ မြန်မာ့သွင်းကုန် တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၂၇၅.၇ သန်းသို့ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းနှစ်များ တွင် အမေရိကန်သည် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ လုံးဝနီးပါး မတင်သွင်းသလောက် ဖြစ်ခဲ့သည်။

လွန်ခဲ့သော အပတ်က အိုဘားမား အစိုးရအဖွဲ့သည် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သတ်သည့် ပိတ်ပင် ဒဏ်ခတ်မှု အချို့အား ဖြေလျှော့ပေးခဲ့ပြီး အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုခဲ့သည်။ ထို့နောက် ရက်အနည်းငယ် အကြာတွင် General Electric ကော်ပိုရေးရှင်း သည် မြန်မာ ပုဂ္ဂလိက ဆေးရုံ နှစ်ခုအား ဆေးရုံသုံး စက် ပစ္စည်းများ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် ကုမ္ပဏီအနေ ဖြင့် စိတ်ဝင်စားသည်ဟု ပြောခဲ့သည်။

အမေရိကန် အထက်လွှတ်တော် အမတ်နှင့် ဘဏ္ဍာရေး ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ ရစ်ပတ်ဘလစ်ကန် ပါတီမှ Orin Hatch က ကော်မတီ၏ website တွင် “ဒီဥပဒေကြမ်းဟာ ကျနော်တို့ရဲ့ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့ အရေးယူထားမှုတွေကို ပြန်လည် အသက်ဝင်စေမှာပါ။ ဒီဥပဒေကြမ်းကို အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှု တွေ၊ ရင်းနှီးမြှုပ်နှံမှု တွေနဲ့ ပတ်သတ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးဖို့အတွက်လည်း အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့် ပေးထားသလို တပြိုင်တည်းမှာပဲ တကယ်လို့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာခဲ့ရင်လည်း ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ချမှတ်နိုင်စွမ်း ရှိပါတယ်” ဟု ဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အလွန် မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ ဟာ ဆင်းရဲ မွဲတွေမှုနဲ့ ဖိနှိပ်မှုရဲ့ ဝန်ထုပ်ဝန်ပိုးကို ကာလရှည်ကြာစွာ အလွန်အမင်း ခါးစည်းခံနေရတာပါ” ဟု Orin Hatch က ဆိုသည်။

“[မြန်မာနိုင်ငံဟာ] လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုပေမယ့် အခုလက်ရှိ အုပ်ချုပ်နေတဲ့ ပါတီရဲ့ ခေါင်းဆောင် မှု ပုံစံနဲ့တကွ မကြာခင်က ရွေးကောက်တင်မြှောက် ခံထားရတဲ့ ကိုယ်စားလှယ်တွေ ကြိုးစားလုပ်ကိုင် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ စီးပွါးရေး လွတ်လပ်မှုပေါ်ကို အခြေခံမယ်လို့ ကျနော်တို့ မျှော်လင့်နေတဲ့ ပွင့်လင်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းသစ်တခု ထူထောင်ရေး ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုကြောင်း လူသိရှင်ကြား ပြောဆိုချင်ပါတယ်” ဟု Orin Hatch က ပြောခဲ့သည်။

အထက် လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဌ Max Baucus ကလည်း “သွင်းကုန် ပိတ်ပင်မှုတွေကို သုံးနှစ် ထပ်ပြီး သက်တမ်း တိုးလိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆက်ပြီး ဖိအားပေး နိုင်မှာ ဖြစ်ပါ တယ်” ဟု ဆိုခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့