Thursday, July 19, 2012

ငါးမြစ်ချင်းလျော့မွေးရန် ငါးလုပ်ငန်းလုပ်ငန်းအဖွဲ့ချုပ်က ဆုံးဖြတ်

ယမင်း(မြစ်မခ)
18 Jul, 2012

ပြည်ပ၀ယ်လိုအားထက် ထုတ်လုပ်မူပိုလျှံနေခြင်းကြောင့် ငါးမြစ်ချင်းမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ အား လျော့ချလုပ်ကိုင် သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းလုပ်ငန်းအဖွဲ့ချုပ်မှ အစည်းအဝေး ဆုံးဖြတ်ချက်များအရ သိရှိရသည်။

“ထုတ်လုပ်မှုတွေ ပိုလျှံသွားရင် ဈေးကွက်ကိုကော ထုတ်လုပ်သူကိုကော အခက်အခဲတွေဖြစ်စေနိုင်တယ် ဒါ့ကြောင့် ပြည်တွင်းဝယ် လိုအားနဲ့ ချိန်ပြီး မွေးမြူသင့်တယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် မှ အတွင်းရေးမှူး ဦးဝင်းကြိုင်က အကြံပြုပြောကြားခဲ့သည်။

ပြည်တွင်းငါးမြစ်ချင်း မွေးမြူထုတ်လုပ်မှုမှာ (၃)နှစ်အတွင်းရှိ ပြည်တွင်း/ပြည်ပ ဈေးကွက်များအားသုံးသပ်ကြည့်ပါက ၀ယ်လိုအားထက် ထုတ်လုပ်မူပိုလျှံနေသဖြင့် အရှုံးပေါ်ရခြင်းဖြစ်ကြောင်း၊ ထိုသို့မဖြစ် ပေါ်စေရန်ငါးမြစ်ချင်းမွေးမြူကန်တစ်ဧကလျှင် ကောင်ရေ (၁၀၀၀ မှ ၁၃၀၀)၀န်းကျင်သာ မွေးမြူကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။

“ဒီနှစ်ဆိုရင် ပြီးခဲ့တဲ့ တစ်နှစ်နှစ်နှစ်ကထက်ကို ငါးမြစ်ချင်းက ဈေးကွက် ပျက်လာတယ်။ ဈေးကွက်ထဲ မှာပိုလျှံနေတာကြောင့်။ အဲလို မျိုးဖြစ်ပြီဆိုရင် ဈေးကွက်ကိုကြည့်ပြီး မွေးသင့်တယ်”ဟု ကြည့်မြင်တိုင် ငါးဈေးကြီးမှ ငါးအရောင်အ၀ယ်ပြုလုပ်သူ မအေးက ပြောသည်။

ငါးမြစ်ချင်းဈေးမှာ တစ်ပိသာလျှင် ယခင်အပတ်က (၂၉၅၀)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင် (၂၉၂၅)ကျပ် အထိလျော့ကျလာကြောင်း ကို လည်း ကြည့်မြင်တိုင်ငါးဈေးကြီးက သိရှိရသည်။

ငါးမွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် ရှားပါးလာသော တိုင်းရင်းသဘာဝငါးမျိုးများဖြစ်သည့် ငါးရံ့၊ ငါးပြေမ၊ ရေချိုပုဇွန်ထုပ်ကြီး၊ ကကတစ်တို့အား မွေးမြူ၍ ၀င်ငွေးတိုးပွားနိုင်ကြောင်းကိုလည်း သိရှိရသည်။

“ငါးမြစ်ချင်းကို လျော့မွေးပြီး သဘာဝငါးတွေ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ ငါးရံ့၊ ငါးပြေမ၊ ကကတစ် စတဲ့ ငါးတွေမွေးပြီး ဈေးကွက်ကိုထိုးဖောက်သင့်တယ်။” ဟု မြန်မာနိုင်ငံ ငါးကောင်စီအဖွဲ့မှ ဦးစိုးတင့်က ပြောကြားခဲ့သည်။

သဘာဝတိုင်းရင်းငါးမျိုးများ မွေးမြူထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက်သာရှိပါက ငါးမွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် ဆက် လက်လုပ်ကိုင်ရန် အခက်အခဲများရှိလာနိုင်ခြင်းတို့ကြောင့် ပြည်ပ ဈေးကွက်အဖြစ် တင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများလိုအပ်ကြောင်း Export လုပ်ငန်းရှင်များ အကြုံပြု ပြောဆိုသည်။

“ကျန်တဲ့ငါးပြေမတို့ ငါးခူ၊ငါးကျီးတွေက ဈေးကောင်းလည်း ရတယ်။ အစာကျွေးတဲ့နေရာမှာလည်း အဆင်ပြေတယ်။ ငါးရံ့ကျတော့ အစာနှုန်းမြင့်တယ်။ မကိုက်ဘူး။ ဒါ့ကြောင့်ချိန်ဖို့ လိုပါတယ်။ပြီးတော့ ပြည်တွင်းဈေးကွက်ပဲ သွားမယ် ဆိုရင် ဈေးကွက် ပျက်နိုင် တဲ့အတွက်ကြောင့် ဘယ်လောက်မွေးမယ်၊ ငါးရှားတဲ့အချိန် ဘယ်အချိန်ထုတ်မလဲ ဆိုတာတွေ ကိုပါ တတ်တဲ့သူတွေက ကူညီပံ့ ပိုး ပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်”ဟု ရေထွက်နှင့်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က သုံးသပ်အကြံပြုခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့