Wednesday, July 18, 2012

သိမ်းယူခံမြေများတွင် ထွန်ယက်ခဲ့သော လယ်သမားများအား စစ်တပ်ကတရားစွဲ

ထွန်းနေအောင်(မြစ်မခ)
17 Jul, 2012

ပန်းတောင်းမြို့နယ် ပဲကြီးအုပ်စုဒေါင်းတိုက်ကျေးရွာနှင့် ပဲကြီးကျေးရွာ ပဲကြီးအုပ်စုမှ လယ်သမား(၆)ဦး အားစစ်တပ်မှသိမ်းယူထားသည့် လယ်မြေများပေါ်တွင်လယ်ဝင်ထွန်ယက်ခဲ့ကြခြင်းကြောင့် ပိုက်နက်ကျူးလွန်မှုဖြင့် ကပစ-၅ မှအရာရှိများမှ တရားစွဲဆိုထားကြောင်း လယ်သမားများထံက သိရှိရသည်။

“(၁၅)ရက် နေ့ညလောက်မှာ ထုံးဘိုရဲစခန်းက စခန်းမှုးနဲ့ရဲတပ်သားတွေကလာပြီးတော့ တရားစွဲခံရတဲ့လယ်သမား(၆)ယောက်ကို စစ်ချက်လာယူတယ် ဆိုတဲ့အခါမှ တရားစွဲခံရမှန်းသိတာပါ။ စွဲတာက အမှတ်(၅) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ကပစ-၅ ကစွဲတာပါ။” ဟု လယ်သမားအရေး ဆောင်ရွက်သူ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ ကိုရဲထင်ကျော်က ပြောသည်။

တရားစွဲခံရသည့် လယ်သမားများမှာ ပန်းတောင်းကျေးရွာ၊ ပဲကြီးကျေးရွာမှ (၂)ဦး နှင့် ဒေါင်းတိုက် ကျေးရွာတို့မှ လယ်သမား(၄) ဦး ဖြစ်ကြောင်းနှင့် ၎င်းလယ်သမားများအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ(၄၇၇)နှင့် စွဲချက်တင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ သိမ်းယူထားသောလယ်မြေများမှာ ၁၉၈၉ ခုနှစ်မှ စ၍ ကပစ-၅ မှ သိမ်းယူထားခြင်းဖြစ်ပြီး မည်သည့်ကိစ္စမှ လုပ်ကိုင်ဆောင် ရွက်ခြင်းမရှိပဲ လယ်ကွင်းပြင်အဖြစ်သာ ရှိနေကြောင်းကိုလည်း သိရှိရသည်။

“ ရုံးတင်စစ်ဆေးခြင်းတွေ ဘာတွေတော့ မရှိသေးပါဘူး။ ဒီလယ်မြေတွေက ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်မြေ တွေပါ။ ” ဟု တရားစွဲခံရသူများထဲမှာ ပါဝင်သည့် ပန်းတောင်းမြို့နယ်၊ ပဲကြီးအုပ်စု၊ ဒေါင်းတိုက်ကျေးရွာမှ လယ်သမား ဦးဋ္ဌေးလွင် က ပြောသည်။

အဆိုပါ လယ်ယာမြေများအား စစ်တပ်မြေအဖြစ် သိမ်းယူထားပြီးနောက်ပိုင်း လယ်သမားများအား တစ်ဧကလျှင် စပါး (၈)တင်းနှုန်းဖြင့် လုပ်ကိုင်စားသောက်စေသည်။ သို့သော် ကပစ- ၅ သည် ၂၀၀၄ခုနှစ်တွင် ဧက (၃၀) လယ်ထပ်သိမ်းယူကာ၊ ၂၀၀၉ခုနှစ်တွင် ဧက (၂၅)၊ ၂၀၁၀ခုနှစ်တွင်မူ ဧက (၁၅၀) ထိအောင် သိမ်းယူလိုက်ခြင်းဖြစ်သည်။

“အဲ့ဒီလယ်ယာမြေတွေမှာ လုပ်ကိုင်နေကြတဲ့သူတွေ အကုန်လုံး လယ်မဲ့ယာမဲ့ ဖြစ်ကုန်တာပေါ့။ ခုနေကျတော့ တနိုင်ငံလုံးမှာလည်း သိမ်းခံရတဲ့လယ်မြေတွေက လယ်သမား တွေက ဆင်းထွန်နေကျတော့ ကျွန်တော်တို့လည်း ငတ်ပြတ်နေတော့ဆင်းထွန်လိုက်မိတယ်။” ဟု လယ်သမား ဦးဋ္ဌေးလွင် က ဆက်ပြောသည်။

စစ်တပ်မှ ပန်းတောင်းမြို့နယ်အတွင်း သိမ်းယူထားသည့် လယ်မြေဧကပေါင်း တစ်သောင်းကိုးထောင် ကျော် ရှိပြီး ပဲကြီးကျေးရွာအုပ်စု တစ်စုထဲတွင် ဧက(၄၀၀)ကျော်ရှိကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့