Thursday, July 19, 2012

ပြည်တွင်းဂျာနယ်တစ်စောင်မျက်နှာဖုံးပါသတင်းမှာ မှားယွင်းကြောင်း NDF ပါတီက တုံ့ပြန်

စောဇင်ညီ (မြစ်မခ)
19 Jul, 2012

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ၄င်းတို့ပါတီဝင်ဟောင်းတစ်ဦးနှင့် ပြည်တွင်းဂျာနယ် တစ်စောင်တွင်ဖော်ပြပါရှိသော သတင်းမှာ လုံးဝ(လုံးဝ) မှားယွင်းနေသဖြင့်လိမ်လည်လုပ်ကြံပြောဆိုခြင်းသာဖြစ်သည်ဟု ဇူလိုင်လ (၁၈) ရက်နေ့တွင် NDF ပါတီက ထုတ်ပြန်ပြောကြားလိုက်သည်။

ဇူလိုင်လ (၁၇) ရက်နေ့ ထုတ်ဝေသော News Watch စောင့်ကြည့်သတင်းဂျာနယ်မျက်နှာဖုံးပါ “အမျိုးသား ဒီမိုကရေစီအင်အားစုမှ ဦးအောင်မျိုးဦးနှင့် အဖွဲ့ဝင်(၁၅၀၀၀) NLD သို့ ပြန်ဝင်မည်။” ဆိုသည့်သတင်းရေးသားမှုသည်မှားယွင်းနေသဖြင့် NDF ပါတီမှ အဆို ပါဂျာနယ်အား တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။

“ဒါက ပါတီစည်းရုံးရေးကို ထိခိုက်အောင် တမင်ပြောဆိုခြင်းဖြစ်ပါတယ်။ ကိုအောင်မျိုးဦး စည်းရုံးထားတဲ့ ပဲခူးတိုင်းက ပါတီဝင် အင်အားပာ ၁၀၀ လောက်ပဲရှိ ပါတယ်။ ဒါကြောင့်  လိမ်လည်လုပ်ကြံထားတဲ့ သတင်းပဲဖြစ်ပါတယ်။”ပာု NDF ပါတီမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောသည်။

News Watch ဂျာနယ်မှ အထက်ပါ သတင်းစာအဆက် စာမျက်နှာ ၂၀ တွင် “ကျွန်တော်တစ်ယောက် တည်း မဟုတ်ပါဘူး။ ပဲခူး တိုင်းဒေသကြီး အရှေ့ခြမ်းမှ NDF ပါတီဝင်ပေါင်း (၁၅၀၀၀)လည်း နှုတ်ထွက်ကြမှာပါ။” ဟု ဖော်ပြသည့်သတင်းစာသားမှာလည်း မှားယွင်းရေးသားထားခြင်းဟု NDF ပါတီက ဆိုလိုခြင်း ဖြစ်သည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ NDF ပါတီဘက်က အမှားပြင်ဆင်ချက် တောင်းဆိုလာပါက ဂျာနယ်ဘက်က လက်ခံ စဉ်းစားမည်ဖြစ် ကြောင်း၊ ထိုသတင်းမှာလည်း ပဲခူးတိုင်းမှပေးပို့သည့် သတင်းအချက်အလက် ဖြစ်ကြောင်း News Watch ဂျာနယ်မှ အယ်ဒီတာချုပ် ဦးချစ်မောင်က မြစ်မခသို့ အတည်ပြုပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မှ ဦးအောင်မျိုးဝင်း အမှန်တကယ် စုဆောင်းရရှိသူ ပါတီဝင် စုစုပေါင်းမှာ (၁၀၀)၀န်းကျင်သာရှိပြီး ဦးအောင်မျိုးဦးမှလည်း NDF ပါတီမှ မကြာသေးမီကနှုတ်ထွက်သွားပြီကြောင်း သိရသည်။

ထို့ကြောင့် သတင်းမှားဖော်ပြခဲ့သော ဂျာနယ်အနေဖြင့် သတင်းများအား သေချာစွာ စီစစ်သင့်ကြောင်း ဇူလိုင်လ (၁၈) ရက်နေ့တွင် NDFပါတီက သတင်းထုတ်ပြန်ခဲ့သည်။

NDF ပါတီ၌ လက်ရှိ ပါတီဝင်ဦးရေသည် ၈၀၀၀ မှ ၁၀၀၀၀ ကြား ရှိ၍ ယခင်လအတွင်း လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်၍ ပါတီ ၀င်(၇၀၀၀၀)ခန့် ကို ထပ်မံအားဖြည့်မည်ဟု လမ်းပြကြယ် ဦးအေးမြင့်ဘက်က ကတိပြုထားခြင်း ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် ပါတီဝင် (၂၀၀၀၀)ခန့် ရှိသဖြင့် လမ်းပြကြယ် ဦးအေးမြင့်ဘက်က ပါတီဝင်ဦးရေ တိုးလာပါက NDFပါတီတွင် စုစုပေါင်း ပါတီဝင် လူဦးရေ တစ်သိန်းဝန်းကျင် ရှိလာမည် ဖြစ်သည်။

NDFပါတီမှ တတိယအကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ ဇူလိုင်လ(၁၈) ရက်နေ့တွင် ဗဟိုအလုပ် အမှုဆောင်ကော်မတီအသစ်အား ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ဗဟိုအလုပ်အမှု့ဆောင်ကော်မတီအသစ်တွင် ဦးခင်မောင်ဆွေက ဥက္ကဋ္ဌအဖြစ်တာဝန်သလို ဦးစိုးဝင်းနှင့် ဦးစိန်လှဦးက ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒေါက်တာဝင်းနိုင်က အထွေထွေ အတွင်းရေးမှူး ဖြစ်လာကာ ကော်မတီအသစ်တွင် အဖွဲ့ဝင်(၁၅) ဦးပါ ၀င်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့