Friday, July 20, 2012

အာဇာနည်စိတ်ဓါတ်အား ဒေါ်အောင်ဆန်းစုကြည် အဓိပ္ပါယ်ဖွင့်ဆို

ဝင့်သင်ဇာကျော်(မြစ်မခ)
19 Jul, 2012

စိတ်ထားမြင့်မြတ်၍ အများအကျိုးအတွက် အနစ်နာခံကာ ပညာဖြင့်စဉ်းစားတွေးခေါ်နိုင်ခြင်းကို အာဇာနည်စိတ်ဓာတ်ဟု ဒေါ်အောင် ဆန်း စုကြည်က (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပွဲတွင် အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ တိုက်ခိုက် သတ်ဖြတ် အသေခံခြင်းကို အာဇာနည်ဟု ခေါ် ဆိုခြင်းမဟုတ်ဘဲ စိတ်ထားမြင့်မြတ်ခြင်း ၊ ကိုယ်ကျိုးစွန့်၍ အများအကျိုးအတွက် အနစ်အနာခံကာ ပညာဖြင့် စဉ်းစားတွေးခေါ်နိုင် ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

မျိုးဆက်သစ်လူငယ်များကို မှန်ကန်သော အတွေးအခေါ်များ တွေးခေါ်တတ်ရန် သင်ကြားပေးမည် ဆိုပါက တိုင်းပြည်တွင် အာဇာနည် စိတ်ဓါတ်ရှိသော ပြည်သူများ များပြားလာနိုင်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ(၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့ နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွင် ပြောကြားခဲ့သည်။

“အာဇာနည်စိတ်ဓာတ်နဲ့ စိတ်ထားမြင့်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ပျိုးထောင်ချင် ပါတယ်။ ပြုစုပျိုးထောင်ဖို့၊ ပညာရေးစနစ်၊ ဗီဇလည်း ပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ မိဘတွေမှာလည်း တာဝန်ရှိတယ်၊ မိဘတွေကိုယ်တိုင်က သားသမီးတွေကို မှန် ကန်တဲ့ အတွေး အခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေ ရှိအောင် လုပ်ပေးမှ အာဇာနည်များတဲ့ တိုင်းပြည် ဖြစ်လာမှာပါ” ဟု ဒီချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံပညာရေးမြင့်မားလာစေရန်အတွက် တက္ကသိုလ် ပညာရေး မူကြမ်းဥပဒေကို ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစု ကြည်က ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဒီချုပ်ပါတီပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအချို့ထံက သိရှိရသည်။

“တက္ကသိုလ်ပညာရေးဥပဒေမူကြမ်းနဲ့တိုင်းရင်းသားအရေးကိုတော့ အရင်ဆုံး ဆွေးနွေးဖို့ရှိတယ် လို့ပြောတယ် ဒါပေမဲ့ ဒါကတရားဝင် ပြောထားတာတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ကို တွေ့တဲ့အခါ ပြောပြချက်အရ ကောက်နုတ်ချက်အရတော့ ကျောင်းပညာ ရေးနဲ့ပတ်သက်ပြီးဆွေးနွေးမယ် ဘာလို့လဲဆိုတော့တက္ကသိုလ်ကျောင်းတွေမှာ ညစ်ညမ်းမှုတွေနဲ့ ပတ်သက်တာရယ် တက္ကသိုလ် ကောင်စီမှာ သမဂ္ဂဖွဲ့စည်းတာတွေပေါ့ အဲ့ဒီလိုမျိုးလေးတွေ ဆွေးနွေးဖို့များပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် မြင့်မြတ်သည့်အာဇာနည်စိတ်ဓါတ်များပွားများစေရန် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကိုအမြဲအမှတ်ရကာလေး စားနေသင့်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အာဇာနည်ဆိုတာ မြင့်မြတ်တဲ့စိတ်ထားလဲပါရမယ်လို့ မြင်ပါတယ် ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။ မြင့်မြတ်တဲ့စိတ် ဓာတ်တွေ ကျွန်မတို့နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားသင့်တယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူး ကို မမေ့သင့်ဘူးလို့ကျွန်မကတော့ ဒီလိုဘဲယူဆပါတယ် “ ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသော (၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ဒဲရစ်မစ်ရှယ် နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးတို့ အပါအ၀င် ပြည်နယ်နှင့်တိုင်းမှ ပြည်သူလူထု (၂၀၀၀)
ဝန်းကျင်ဖြင့် အခမ်းအနား ကျင်းပ ခဲ့ခြင်းဖြစ်ပြီး နေ့လည်(၁၂)နာရီ(၄၅)မိနစ်ခန့်အချိန်တွင် ပြီးဆုံးခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့