Tuesday, July 26, 2011

ALD (Japan) ၏ ၆ ကြိမ်မြောက် ညီလာခံနှင့် တတိယ အကြိမ် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲ ကျင်းပ

7/25/2011

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ၆ ကြိမ်မြောက် ညီလာခံနှင့် တတိယ အကြိမ်မြှောက် အလုပ် အမှုဆောင်သစ် ရွေးချယ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။


အခမ်းအနားတွင် သဘာပတိအဖြစ် ဥက္ကဌ ဦးလှအေးမောင်၊ ဒုဥက္ကဌ (၁) ဦးထွန်းအောင်ခင်၊ ဒုဥက္ကဌ(၂) ဦးခင်မောင်ထွန်းတို့က ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် အထွေထွေ အတွင်းရေးမှူး ဦးပေါ်ထွန်းအောင်မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် သစ္စာ အဓိဌာန်ကို ရွတ်ဆိုကာ အခန်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ သဘာပတိ ဥက္ကဌ ဦးလှအေးမောင်မှ အခန်းအနားအဖွင့်အမှာစကားပြောကြားပြီး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဗဟို) ယာယီဥက္ကဌ ဦးဇော်မင်းခိုင်မှ အမှာစကား ပြောကြားခဲ့သည်။ ထိုနောက် တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ကိုကျော်သန်းလှိုင်မှ ၂၀၀၉-၂၀၁၁ ခုနှစ် အလုပ်အမှုဆောင် အဖွဲ့ အစီ ရင်ခံစာကို ဖတ်ကြား တင်သွင်းပြီး၊ ဘဏ္ဍာရေးမှူး ဦးမျိုးမြင့်မှ ၂၀၁၀-၂၀၁၁ခုနှစ် ဘဏ္ဍာရေး ရှင်းတမ်းကို ရှင်းလင်း တင်ပြခဲ့သည်။

၂၀၁၁-၂၀၁၃ခုနှစ်တွင်တာဝန်ယူမည့် အလုပ်အမှုဆောင်သစ်ရွေးကောက်ပွဲကို ကျင်းပရာ နာယကအဖြစ် ဦးဇော်မင်းခိုင်၊ ဥက္ကဌ ဦးလှအေးမောင် ၊ ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်၊ ဒုဥက္ကဌ(၂) ဦးခင်မောင်ထွန်း၊ အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလှိုင် ၊တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ကိုမောင်မောင် မျိုးလှိုင် ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) ကိုစိုးနိုင်နှင့် အလုပ် အမှုဆောင် အဖွဲ့ဝင် (၉)ဦးကို ရွေးချယ် တင်မြှောက်ခဲ့သည်။

ထို့နောက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး (၁) လွတ်လပ်မှု၊တရားမျှတမှု လုံးဝ မရှိသော ၂၀၁၀ ရွေးကောက်ပွဲမှ တင်မြောက်လိုက်သော ကြံ့ဖွံ့ ဦးသိန်းစိန်အစိုးရကို လုံးဝအသိ အမှတ်မပြု၊ (၂)၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို လက် ကိုင်ထားပြီး သုံပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြိုးပမ်း သွားမည်။ (၃) ရခိုင်ပြည်သူများကို အတိဒုက္ခရောက် စေသော ကျောက်ဖြူ၊ ကူးမင်းရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လှိုင်း စီမံကိန်းအား မည်သည့်နည်းဖြင်မဆို တိုက်ဖျက်သွားမည်။ (၄) ရခိုင်ပြည်သူများ သဘောဆန္ဒမပါဘဲ ရခိုင်ဒေသမှ သဘာဝ အရင်းအမြစ်များ ထုပ်ယူ သုံးစွဲခြင်းကို အစဉ်တစိုက် ဆန်ကျင့် ကန့်ကွက် သွားမည်။ (၅)ရခိုင်လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်တင်ရေးနှင့် စည်းလုံးညီညွတ်ရေး အတွက် ကြိုးပမ်း အားထုတ် သွားမည် စသည့် ဆုံးဖြတ်ချက်များကိုချက်မှတ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် ဂျပန် ရောက် ရခိုင် အမျိုးသား စုစုပေါင်း (၇၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့