Tuesday, July 26, 2011

သိုးမွေးစက်ရုံ လုပ်သားများကို ရဲခြိမ်းခြောက်

ဇူလိုင်လ ၂၅ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်မြို့ရှိ သိုးမွေးစက်ရုံတခုမှ အလုပ်ရှင်နှင့် မကျေနပ်မှု ဖြစ်ပွားသည့် အလုပ်သမားများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကို တိုင်တန်းရန် ကြိုးစားစဉ် ရဲများက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်း အလုပ်သမားများက ပြောသည်။

သင်္ကန်းကျွန်းမြို့နယ် ၈ ရပ်ကွက် ကြိုးစက်ရုံလမ်း လင်းထက် သိုးမွေးစက်ရုံ အလုပ်သမား ၅၀၀ ခန့်အနက် အလုပ်ရှင်ပေးသည့် လျော်ကြေးကို မကျေနပ်၍ လွှတ်တော်အမတ် ဦးသိန်းညွန့်အိမ်သို့ တိုင်ကြားရန် စနေနေ့က သွားရောက်စဉ် ရဲက တားဆီးပြောဆို ခြင်း ဖြစ်သည်။

အလုပ်သမား ၆၀ ခန့် အုပ်စုလိုက် ခြေလျင်သွားရောက်ခြင်းကို တားမြစ်ပြီး ကားငှားသွားရန်လည်း တားမြစ်ခြင်း ခံရသည်ဟု အလုပ်သမားများက ပြောသည်။

ဦးသိန်းညွန့်ကတော့ ရဲ၏ အပြုအမှုသည် အခြေခံ ဥပဒေကို မထီမဲ့မြင် ပြုခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ အခြေခံဥပဒေမှာ အလုပ်သမားတွေဟာ ကိုယ်စားလှယ်တွေဆီကို မလာရဘူးလို့ မပါဘူး လမ်းလျှောက်ပြီး မသွားရဘူးလို့ မပါဘူး လမ်းလျှောက်လို့ရတယ် ကားငှားပြီးသွားရမယ်လို့ မပါဘူး" ဟု ဦးသိန်းညွန့်က မဇ္ဈိမကိုပြောသည်။

“ မာရှယ်လော ကာလလို ၄ ယောက် ထက်မပိုရ ၅ယောက်ထက် မပိုရ ဖမ်းမယ်ပြုမယ် ဆိုတာ အရုပ်ဆိုးတယ် ”
ဟု သူက ဆက်ပြောသည်။

နိုင်ငံခြားသားပိုင် သိုးမွေးစက်ရုံတွင် အလုပ်သမားများကို လုပ်သက် သက်တမ်းပေါ် မူတည်၍ နစ်နာကြေးပေးကာ အလုပ်ရပ်စဲ ရန် ကြိုးစားရာက အလုပ်ရှင်ဘက်မှ ပေးသည့် ငွေမှာ နည်းသည်ဟု အလုပ်သမားများက ကန့်ကွက်ထားပြီး တနင်္လာနေ့ အထိ ပြေလည်မှု မရသေးဘဲ ရှိနေသည်။

“ သူတို့ပေးတဲ့ လျော်ကြေးက တလကို ၇ထောင်နှုန်း ထားတယ်။ လုပ်သက် ၃နှစ်အထက် ဆိုရင် ၅ လစာ ၂နှစ်ဆိုရင် ၂ လစာ အဲလို ဖြတ်ပေးမယ်ပေါ့။ ကျနော်တို့က အဲလိုမဖြစ်ချင်ဘူး။ နောက်ဆုံးလစာ က ဥပမာ ၆ သောင်းဆိုရင် ၅ လ စာပေး။ မဟုတ်ရင် ၃ လစာပေး ဒီလိုညှိတာ မရလို့ အခု အသိတယောက်က ဒီကို ခေါ်တာလို့ရောက်လာတာ။ ဒီလိုတိုင်လို့ရတဲ့ အဖွဲ့အစည်း ရှိတယ် လို့လည်း မသိဘူးလေ ” ဟု စက်ပြင်လုပ်သား တဦးဖြစ်သူ ကိုဇာနည်အောင်က ပြောသည်။

တနင်္ဂနွေနေ့က နစ်နာကြေး နည်းသည်ဆိုကာ မယူသူ ၁၅၀ ကျော်ရှိပြီး ကျန်သူများမှာ လက်ခံလိုက်ကြသည်ဟု အလုပ်သမား များက ပြောသည်။

“ အဲဒီက ကလေးတွေ လုံခြုံရေးအတွက် အန်ကယ်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကိုသွားတာ အစည်းအဝေးရှိလို့ ဆိုပြီးတော့ မတွေ့ခဲ့ဘူး။ အလုပ်သမားတွေ အတွက် အတတ်နိုင်ဆုံး ကာကွယ်သွားမယ်။ အန်ကယ်တို့ စိတ်ပူတာက စက်ရုံထဲမှာ အဆောင် နေတဲ့ ကလေးတွေကို ဆွဲထုတ်မှာစိုးတယ် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာ စိုးတယ်"ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။

ယင်းအတွက် ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး အလုပ်သမားကိစ္စများ ပြောဆို ဆွေးနွေးခဲ့သည်။

အုပ်ချုပ်ရေးမှူးက မြို့နယ် အလုပ်သမား ဦးစီးရုံးကို ဖုန်းဆက် အကြောင်းကြားပြီး ချက်ခြင်းပင် စက်ရုံသွားရောက်ကာ ကြားဝင် စေ့စပ်ပေးသော်လည်း အောင်မြင်မှု မရသေးဘဲ ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့