Friday, July 29, 2011

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာဘောလုံး ပရိတ်သတ် ရမ်းကား

မျိုးသန့်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာအသင်းနှင့် အိုမန် အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း အတွင်း ယှဉ်ပြိုင်ကစားစဉ် မြန်မာအသင်း ၂ ဂိုး သွင်းခံရပြီး ရှုံးနေချိန် မြန်မာ ပရိတ်သတ်က ဆူပူ ရမ်းကား၍ ကစားချိန် ၃၉ မိနစ်တွင် ပွဲ ရပ်လိုက်ရသည်။

မြန်မာအသင်းကို အားပေးသော ပရိတ်သတ်များက ထီး၊ ဖိနပ်၊ ရေသန့်ဗူးများဖြင့် ကစားသမားများနှင့် ကစားကွင်း အတွင်း ပစ်ပေါက် မှုများ ပြုလုပ်ရာ ကွင်းတွင်း ရောက်ရှိနေသော ရဲ ဒါဇင်ပေါင်းများစွာက လိုက်လံ ထိန်းသိမ်း ကြသော်လည်း မနိုင်မနင်း ဖြစ်ကာ ကစားပွဲ ရပ်ခဲ့ရသည်။

ရန်ကုန်မှ လာသော အေပီသတင်း တရပ်တွင် အိုမန်အသင်းသည် နှစ်ပွဲကစား စုစုပေါင်း ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရပြီး တတိယ အဆင့်သို့ တက်သွားသည်ဟု ပါရှိသည်။

အိုမန်အသင်းအတွက် ကွင်းလယ်ကစားသမား ဖော်ဇီ ဘက်ရှာက ၂၃ မိနစ်တွင် ပထမဂိုး သွင်းယူခဲ့ပြီး တိုက်စစ်မှူး အစ္စမေးလ်က ၃၉ မိနစ်တွင် ပင်နယ်တီဖြင့် ဒုတိယဂိုး သွင်းယူခဲ့သည်။

မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က လက်ကိုင် လော်စပီကာဖြင့် လိုက်လံ တောင်းပန်ပြီး ပွဲထိန်းရန် ကြိုးစားသော်လည်း အရာမထင် ဖြစ်ခဲ့သည်။

ဒုတိယအကျော့အဖြစ် အိမ်ကွင်းဖြစ်သည့် သုဝဏ္ဏ အားကစားကွင်းတွင် ကြာသပတေးနေ့ ညနေ ၃ နာရီ ခွဲတွင် ယှဉ်ပြိုင်ရာ အိုမန် အသင်းက ဒုတိယဂိုး ရရှိရချိန်တွင် မြန်မာ ပရိတ်သတ်က ရမ်းကား လာခဲ့ခြင်း ဖြစ်သည်။

ပရိတ်သတ် သုံးသောင်းဆံ့သည့် သုဝဏ္ဏ အားကစားကွင်း တခုလုံး မြန်မာ ပရိတ်သတ်ဖြင့် ပြည့်လျှံနေပြီး၊ မြန်မာ ပရိတ်သတ်မှ နိုင်ငံတော် သီချင်းကိုလည်း အော်ဟစ် သီဆိုခဲ့ကြသည်ဟု ပွဲကြည့် ပရိသတ်တဦးက မဇ္ဈိမကိုပြောသည်။

အိုမန်တွင် ဇူလိုင် ၂၃ ရက်နေ့က အဝေးကွင်းအဖြစ် အိုမန်အသင်းနှင့် မြန်မာတို့ ကန်ခဲ့ရာ အိုမန်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့