Monday, July 25, 2011

၈၈ မျိုးဆက်ကျောင်းသား ကိုသန်းတင် ဆေးရုံတင်ရ

2011-07-24

စစ်တွေထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုသန်းတင်ဟာ အစာအိမ် သွေးကြောပေါက်တဲ့ ရောဂါကြောင့် ပြီးခဲ့တဲ့ သတင်းပတ်က စလို့ စစ်တွေ ဆေးရုံမှာ တက်ရောက် ကုသ ခံနေရပါတယ်။

ဒီရက်ပိုင်းမှာ သူ့ကို သွေး ၇ ပုလင်း သွင်းလိုက်ရတယ်လို့ ကိုသန်းတင်ရဲ့ တူဖြစ်သူ ကိုဥာဏ်လင်းထွန်း က RFA ကိုပြောပါတယ်။


ကိုသန်းတင်ကို ရုတ်တရက် ဆေးရုံတင်လိုက်ရချိန်မှာ မိသားစုက ရန်ကုန်မှာ နေထိုင်ကြတဲ့အတွက် ကိုသန်းတင်ရှိတဲ့ စစ်တွေမြို့ ကို ချက်ချင်းလိုက်သွားဖို့ အခက်အခဲ ရှိခဲ့ပါတယ်။

ဒါပေမယ့် ၂၂ ရက် နေ့က ကိုသန်းတင်ရဲ့ ညီမဖြစ်သူ မသန်းသန်းဌေး လိုက်သွားပြီလို့ သိရပါတယ်။

မနေ့က မိသားစုချင်းအဆက်အသွယ်ရချိန်မှာတော့ ကိုသန်းတင်ရဲ့ အခြေအနေ အနည်းငယ် ကောင်းမွန်လာပြီလို့ ကိုဥာဏ်လင်း ထွန်းကပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ဇူလိုင်လထုတ် စာရင်းအရ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း စာရင်းက ကိုသန်းတင် အမည်မပါသေးပဲ ၁၅၅ ဦးရှိနေတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့