Tuesday, July 26, 2011

ဒေါ်စုကို ဖိတ်ကြားခဲ့ခြင်း မဟုတ်ဟု အိန္ဒိယ သံအရာရှိဆို

ကိုပေါက်
ဇူလိုင်လ ၂၅ ရက် ၂၀၁၁ ခုနှစ်

အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ်ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်ရှိ အိန္ဒိယ သံအရာရှိတဦးက ငြင်းဆိုလိုက်သည်။

“မဟုတ်ပါဘူး။ ကျနော့်တို့ အစီအစဉ်ထဲမှာ အဲဒါ လုံးဝ မပါခဲ့ပါဘူး” ဟု ပထမအတွင်းဝန် မစ္စတာဂျိုရှိက မဇ္ဈိမကိုပြောသည်။


နယူးဒေလီအခြေစိုက် Indo-Asian News Service – IANS အင်တာနက်စာမျက်နှာ၌ ဇူလိုင် ၂၃ ရက်နေ့က ရေးသားဖော်ပြ ထားသည်ကို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပါမာရောင်း Nirupama Rao ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်၌ သွားရောက်တွေ့ဆုံစဉ် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ‘ဒေါ်အောင်ဆန်းစုကြည် လာလည်မည် မျှော်လင့်ကြောင်း’ လည်း ဆွေးနွေးပွဲ အကြောင်းအရာများအား သိရှိသူတဦးအား ကိုးကား၍ IANS က ရေးသားထားသည်။

မစ္စက်ရောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၂ဝ ရက်နေ့က တနာရီကြာ တွေ့ဆုံခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ရင်းနှီး ပွင့်လင်းစာရန် နှစ်ဘက် ဆန္ဒရှိကြကြောင်း ဖော်ထုတ်ပြသခဲ့သည်ဟုသာ သတင်း ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မသိ ရှိခဲ့ရပေ။

ထိုစဉ်က တွေ့ဆုံမှု အစီအစဉ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များလည်း မသိရှိခဲ့သလို ယခုလို ဖိတ်ကြားခဲ့သည်ဆိုသည့် ကိစ္စကိုလည်း မသိရသေးကြောင်း NLD ပါတီကပြောသည်။ “ကျနော်ကတော့ ဘာမှမသိရသေး ပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ပြီးမှ သိရပါမယ်” ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

မစ္စက် နီရူပါမာရောင်းသည် အမေရိကန်ဆိုင်ရာ အိန္ဒိယ သံအမတ်အဖြင့် ဇူလိုင် ၃၁ မှစတင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့