Thursday, July 28, 2011

ပြည်သူ့ နာကျင်၊ ခံစားမှုကို အနုပညာ ဖန်တီးချင်တယ်

ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

( ဇေယျာသော်နှင့် အင်တာဗျူး)

မေလ ၁၇ ရက်နေ့တွင် ကော့သောင်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ ဟစ်ဟော့ အဆိုတော် ဇေယျာသော်က ထောင်မှ ပြန်လွှတ်လာ အပြီး အနုပညာ လှုပ်ရှားမှု အဖြစ် ပြည်သူများ၏ လက်တွေ့ ဘဝတွင် ခံစားနေရသည့် နာကျင်မှုများ၊ ခံစားမှုများကို အနုပညာ အဖြစ် ဖန်တီး ချင်သည်ဟု ဆိုသည်။

ဇေယျာသော်၏ ထောင်တွင်း အတွေ့အကြုံများ၊ နိုင်ငံရေး အကျဉ်းသားများ အပေါ်သဘောထား၊ လူမှုရေး၊ နိုင်ငံရေးနှင့် အနုပညာ လှုပ်ရှားမှုများနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိသည့် သဘောထား စသည်တို့ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီး မိတ်ဆက်ပေးခဲ့သော အဖွဲ့မှာ ဇေယျာသော် တည်ထောင်သည့် ACID အဖွဲ့ ဖြစ်သည်။ အက်စစ် အဖွဲ့ကို ဇေယျာသော်၊ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ Rဇာနည်၊ ရန်ရန်ချမ်း စသည့် ဟစ်ဟော့ အဆိုတော်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဇေယျာသော် (ခ) ကျော်ကျော်သည် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (generation wave) ကို မတရား အသင်း ထူထောင်မူ၊ ဖမ်းဆီးခံရစဉ် ပိုက်ဆံအိတ် အတွင်း မလေးရှား ရင်းဂစ်ငွေ အကြွေတချို့ တွေ့ရှိမှု စသည်တို့ ကြောင့် ၂၀၀၈ ခုနှစ်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။

အယူခံဝင်ရာတွင် နိုင်သဖြင့် ကော့သောင်းထောင်တွင် လေးနှစ် ကျခံနေရာမှ (၂၀၁၁) မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။

ထောင်ကလွတ်ပြီးတဲ့နောက်ပိုင်း ဘာတွေလုပ်ဖြစ်ခဲ့လဲ။

“ ကျနော် ပြန်လွတ်လာပြီး နောက်ပိုင်းကနေ အခုအချိန် အထိ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရုံးမှာ ကျင်းပ ဖြစ်တဲ့ ပွဲတွေမှာ ကိုယ်အကူအညီ ပေးနိုင်တာတွေ မှန်သမျှ အကူအညီ ပေးတယ်။ ဥပမာ - ၆၆ နှစ်ပြည့် အမေစုမွေးနေ့ ဂီတပွဲတော် ဆိုပြီး ၁၀ ရက် တိုင်တိုင် ကျင်းပခဲ့တယ်။ အဲ့ဒီမှာ ကိုယ်တတ်စွမ်းတဲ့ ဂီတပညာနဲ့ ကျနော် အကူအညီ ပေးခဲ့တယ်။ နောက် ပြီးခဲ့တဲ့ ၁၉ ဂျူလိုင်မှာ ၆၄ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အနေနဲ့ နံရံကပ် စာစောင်တွေ ကျနော်တို့ လုပ်ခဲ့ကြတယ်။ ဒါကတော့ NLD နဲ့ လက်တွဲပြီး လုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေပေါ့နော်။ အခြား လူမှုရေး အလုပ်တွေ အနေနဲ့ ဆိုရင်တော့ BG သွေးလှူဒါန်းရေး အဖွဲ့၊ BG အသိပညာ အတတ်ပညာ သင်တန်းကျောင်း၊ နောက်ပြီးတော့ ဂရုဏာလက် လူငယ်ဖောင်ဒေးရှင်း၊ နောက်ပြီးတော့ ကိုကျော်သူတို့ မရွှေဇီးကွက် တို့ရဲ့ FFSS- Free Funeral Services Society (နာရေးကူညီမှုအသင်း - ရန်ကုန်)ရဲ့ လုပ်ငန်း ဆောင်တာတွေ ထဲက တချို့တဝက်၊ နောက်ပြီးတော့ ဆရာမ သန်းမြင့်အောင်တို့ လုပ်နေတဲ့ HIV/AIDS ဝေဒနာသည် ကလေးတွေရဲ့ ဂေဟာတွေ အဲ့တာတွေမှာ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက်တော့ ပူးပေါင်းပါဝင် ဆောင်ရွက် ဖြစ်တယ်ခင်ဗျ"

အနုပညာလှုပ်ရှားမှုအနေနဲ့ကော ဘာတွေလုပ်ဖြစ်လဲဗျ။

"အနုပညာအနေနဲ့ ဆိုရင်တော့ ကျနော်တို့ ၂၀၀၀ ခုနှစ် အက်စစ်အဖွဲ့ရဲ့ စတင်ခြင်း အခွေထဲက ဒြပ်မဲ့သွားခြင်း ဆိုတဲ့ သီချင်း၊ အဲ့သီချင်းက အနဂ္ဂနဲ့ ကျနော်နဲ့ နှစ်ယောက် တူတူရေးပြီးတော့ ကျနော် တယောက်တည်း ဆိုထားတဲ့ သီချင်းပေါ့ဗျာ။ အဲ့သီချင်းကို ကျနော် နာရေး ကူညီမှုအသင်း အတွက် ကျနော်တို့ လှူဒါန်းဖြစ်တယ်။ နောက် နာရေး ကူညီမှုအသင်းက MTV ရိုက်ဖို့ အတွက်လည်း အကူအညီ ပေးဖြစ်တယ်"

လွတ်လာပြီးတဲ့ နောက်ပိုင်း အခုလိုလှုပ်ရှားမှုတွေ၊ နေထိုင်သွားလာမှုတွေ အပေါ်မှာကော စောင့်ကြည့် ခံနေရတဲ့ အနေအထားတွေ ရှိသေးလား။

"အရိုးသားဆုံးနဲ့ အရှင်းဆုံးပြောရမယ် ဆိုရင်တော့ ကျနော်သတိကို မထားမိဘူးဗျ။ လိုက်ချင်လဲ လိုက်မယ် မလိုက်ချင်လဲ မလိုက်ဘူး။ သူတို့ လိုက်တာတွေ မလိုက်တာတွေကို ကျနော်ထည့်ကို မစဉ်းစားဘူးဗျ။ ကျနော် လုပ်ချင်တယ် အရာဟာ လုပ်သင့် လုပ်ထိုက်တယ်လို့ ထင်ရင် ကျနော် လုပ်တယ်။ အဲ့ဒီအတွက်တော့ ကျနော့်မှာ နောက်ဆံ တင်းတာ မရှိဘူးဗျ"

ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ အနေအထားနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ အနေအထားက ဘယ်လိုရှိလဲ။

"အင်တာဗျူးတွေမှာလဲ ကျနော်ဖြေခဲ့ဖူးပါတယ်။ ဘယ်နိုင်ငံမှာမဆို အဲ့ဒီနိုင်ငံတွေရဲ့ အကျဉ်းထောင်တွေက အဲ့ဒီနိုင်ငံမှာ ရှိနေတဲ့ လူနေမှု ပုံစံထက်တော့ နိမ့်ကျမှာပဲ။ ကျနော်တို့ နိုင်ငံကတော့ လူနေမှု အဆင့်အတန်း နိမ့်ကျပြီးသား ဖြစ်နေတော့ ထောင်ထဲမှာ ဘယ်လောက် နိမ့်ကျမယ်ဆိုတာ ပြောစရာတောင် လိုမယ် မထင်ဘူး"

အစိုးရကလဲ အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးလို့ ပြောနေသေးတယ်။ ဒီအပေါ်မှာ အစိုးရသစ် အနေနဲ့ ဘယ်လို ဆက်ပြီး သွားနေဦးမယ်လို့ ထင်လဲ။

"အမှန်တကယ်ကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတရပ်ကို ရောက်အောင် သွားချင်တယ်။ မိမိကိုယ် မိမိလည်း ဒီမိုကရက်တစ် အစိုးရလို့ ခံယူထားတယ် ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆိုတာက အခြေခံ အကျဆုံး အချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရတဲ့ အကျဉ်းသူ အကျဉ်းသားတွေ အကျဉ်းထောင်တွေ ထဲမှ မရှိတော့မှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ဒုတိယခြေလှမ်းကို ဆက်လှမ်းနိုင်မှာပါ။ အဲ့အတွက်ကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စက ပထမဆုံး လှမ်းရမယ့် ခြေလှမ်းလို့ ကျနော် ယုံကြည်ပါတယ်၊ ခံလဲ ခံယူထားပါတယ်"

ထောင်ကလွတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ လှုပ်ရှားမှုတွေမှာ အများဆုံး တွေ့နေရတယ်။

"အမေစုရဲ့ အပေါ်မှာ ကျနော်ထားတဲ့ သဘောထားက လူတဦးတယောက်ကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု သဘောထား ပုံစံ မဟုတ်ပါဘူး။ အမေစုရဲ့ စွန့်လွှတ်မှုတွေ၊ အနစ်နာခံမှုတွေ၊ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်တာတွေ၊ ရဲရဲဝံ့ဝံ့နဲ့ မှန်တဲ့ အရာတွေကို လုပ်ကိုင်ရဲတာတွေ၊ ဒီလိုသတ္တိ ဒီလိုဇွဲ ဒါတွေကို ကျနော်တို့က လေးစားတာ အားကျတာ အတုယူတာပါ။ မိမိကိုယ် မိမိလဲ အမေစုလို ပုဂ္ဂိုလ်မျိုး ဖြစ်လာအောင် ပြုစု ပျိုးထောင်ချင်တဲ့ သဘောပါ။ လူပုဂ္ဂိုလ် တဦးတယောက်ကို မျက်ကန်းယုံကြည် ကိုးကွယ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး"

ရှေ့ဆက်ပြီးကော ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက် ပါဝင်သွားဖို့ ရှိလား။

"အမေစုနဲ့ တွေ့ဖြစ်တဲ့ အချိန်တွေမှာလည်း ကျနော် ပြောထားခဲ့ဖူးပါတယ်။ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ နေရာမှာ ကျနော့်ကို ခေါ်ပါ။ ကျနော့်အနေနဲ့ ဘယ်နေရာ၊ ဘယ်အချိန် ဘယ်မှမဆို အမေစုနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့် ရှိပါတယ်လို့ ကျနော် ပြောထား ပြီးသားပါ"

ပရိသတ်နဲ့ ထိတွေ့ ဆက်ဆံရမယ့် အနုပညာ အလုပ်တွေကို ပြန်လုပ်သွားဖို့ အစီအစဉ်ရှိလား။

"ကျနော့်အနေနဲ့ကတော့ ပရိသတ်ရှေ့ ချပြခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ကိုယ့်ရဲ့ ရင်ထဲကို လာထိခတ်တဲ့ မြင်ကွင်းပဲ ဖြစ်ဖြစ် သတင်းပဲ ဖြစ်ဖြစ် တွေ့ကြုံ လာရင်တော့ အနုပညာ အလုပ်တွေ ဖန်တီးဖြစ်မှာပါ။ ဒါပေမယ့် အရင့် အရင်တုန်းကလို အခွေတခွေ ထွက်ဖို့ စတိတ်ရှိုးတပွဲ ဆိုဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး သက်သက်နဲ့တော့ အနုပညာ ဖန်တီးတော့မှ မဟုတ်ပါဘူး။ ပြည်သူတွေ ရင်ထဲမှာ တကယ် ဖြစ်ပေါ်နေတဲ့ ခံစားမှုတွေ၊ ခံစားချက်တွေ၊ နာကျင်မှုတွေ၊ မုန်းတီးမှုတွေ၊ ပြည်သူတွေ ရင်ထဲက မျှော်လင့်ချက်တွေ ဒီဟာတွေကို ဖော်ပြနိုင်တဲ့ ဂီတမျိုးကိုပဲ ကျနော် ဖန်တီးချင်ပါတယ်"

အနုပညာလုပ်ငန်းတွေ မလုပ်ဖို့ တားမြစ်ခံထားရတာ ရှိလား။

"အခုလောလောဆယ်တော့ မရှိသေးဘူး။ နောင်တချိန်တော့ ဘယ်လိုဖြစ်လာမယ် ဆိုတာ မခန့်မှန်း နိုင်သေးဘူး။ လောလောဆယ် ကျနော့်ဆီကို ပြည်တွင်း ဂျာနယ်တွေက လာမေးကြတဲ့ အင်တာဗျူးတွေ သတင်းတွေကို ဖော်ပြခွင့် မရဘူးဆိုတဲ့ သတင်းတော့ ပြန်ကြား နေရတယ်"

စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာအားလုံး ဆင်ဆာဖြတ်တောက်မှု အောက်က သွားနေရတာက အနုပညာ ဖန်တီးမှု အပေါ်မှာကော ထိခိုက်မှု ရရှိနိုင်လား။

"အနုပညာဆိုတဲ့ မျိုးစေ့တခုက ဆင်ဆာဆိုတဲ့ အရာတခု လွှမ်းခြုံ လိုက်တာနဲ့ အစေ့အညှောက် မပေါက်လာခင် ကတည်းက အသတ် ခံလိုက်ရ သလိုပါပဲ။ ဒီအကြောင်းအရာ မရေးရဘူး၊ ဒီစကား မပြောရဘူး ဆိုတဲ့ အတွေးမျိုး အနုပညာ သမားရဲ့ စိတ်ထဲကို ဝင်လာတာနဲ့ ဆက်ပြီး တီထွင် ဖန်တီးမယ့် အရာအားလုံး ပြောင်းလဲသွားပြီ။ ဆင်ဆာ လုံးဝ မရှိရဘူး ဆိုတဲ့ အနေအထား မျိုးတော့ ကျနော် မဆိုလိုပါဘူး။ ဒါပေမယ့် အတိုင်းအတာတခု အထိတော့ လျှော့ပေါ့ ပေးသင့်ပြီလို့ ကျနော်ထင်ပါတယ်"

ပြန်ထွက်လာတဲ့အချိန်မှာ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေရဲ့ ကြိုဆိုပုံ အနေအထားက ဘယ်လိုရှိလဲ။

“ ကျနော်တို့ ဂီတအသိုင်းအဝိုင်းက လူတွေအားလုံး နီးပါးကတော့ နွေးနွေးထွေးထွေးနဲ့ ကြိုဆို ကြပါတယ် ခင်ဗျ။ မှန်တဲ့ အရာကို မိမိတို့ ကိုယ်တိုင် မလုပ်ရဲပေမယ့်လဲ မိမိတို့ ကိုယ်စား အမှန်တရား အတွက် ပြုလုပ်နေတဲ့ သူတွေကို လေးစား တန်ဖိုး ထားတတ်ကြတယ် လို့ပဲ ကျနော် ထင်ပါတယ် ”

ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။

“ ဇေယျာသော်ဆိုတဲ့ ကျနော်က အနုပညာ အလုပ်တွေကို ဖန်တီးခွင့်ရသည်ဖြစ်စေ မရသည် ဖြစ်စေ၊ ကျနော့် ထမင်းရှင် ဖြစ်ခဲ့တဲ့ ပရိသတ် တဖြစ်လဲ ပြည်သူတွေ ပေါ်မှာ အမှန်တကယ် အကျိုးရှိမယ့် အလုပ်တွေကို တတ်နိုင်သမျှ ဆောင်ရွက်သွားဖို့ ကျနော် ကတိပြုပါတယ်လို့ ပြောချင်ပါတယ် ”


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့