Thursday, July 28, 2011

ရွေးကောက်ပွဲ ပိုကောင်းအောင် ဆောင်ရွက်မယ်လို့ ကော်မရှင် ဥက္ကဌ ပြောဆို

2011-07-27

ရှေ့လာမဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် ဆောင်ရွက် သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက အခုလို ပြောဆို သွားတာပါ။ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့တဲ့ ချို့ယွင်းချက်တွေကို သင်ခန်းစာ ယူပြီး ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၃၆ ခု က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ပါတီတစ်ခုကို ၂ မိနစ်ခန့် တင်ပြ ခွင့်ရခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

မနက် ၁၀ နာရီလောက်က စပြီး ကျင်းပပြီး ဖိတ်ကြားထားတဲ့ ၃၇ ပါတီ အနက်က ၃၆ ပါတီ တက်ရောက်ခဲ့ကြောင်း၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ဦးသိန်းတင်အောင် တယောက်သာ တက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင် ၆ ဦး တို့ တက်ရောက်ခဲ့ကြောင်း ပြောပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အခြေ အနေတွေကို သုံးသပ် တင်ပြ ဆွေးနွေးပြီး တိုင်းရင်းသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တခြား နိုင်ငံရေး ပါတီတွေ ကလည်း ၂၀၁၀ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ နဲ့ တခြား အချက်တွေကို တင်ပြ ဆွေးနွးခဲ့ကြ ပါတယ်။ ဆွေးနွေးချက်တွေကို ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြန်လည် ဖြေကြားခဲ့သလို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လှိုင်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့