Tuesday, August 9, 2011

ဟင်္သာတမြို့ရေလွှမ်းမိုးမှုထပ်ဖြစ်​၊​ စီမံ​ချက်​ချ​ပြင်ဆင်ဖို့ မြို့ခံများ​​ တိုက်တွန်း

August 8, 2011
အံ့ဘုန်းမြတ်

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ဒီကနေ့ ထပ်ဖြစ်နေတယ်လို့ မြို့ခံအချို့က ပြော ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုနည်းတူ ဖြစ်ပွားခဲ့တာလို့ ဟင်္သတာမြို့မိမြို့ဖ တဦးက အခုလို ပြော ပြပါတယ်။

“ဟင်္သာတမှာ မိုးက အဆက်မပြတ် ရွာတယ်။ ရွာတော့ မြို့လယ်ခေါင်မှာ ရေပြန်မြုပ်သွားတယ်။ ဆိုင်တွေထဲ ရေတွေဝင်တော့ ဆိုင်တွေပြန်သိမ်းရတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တော့ ရေကမတက်ဘူး။ ဒါပေမယ့် ဈေးဘက်ကျတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ထဲက ရေကတက်တယ်။ သုံးပေလောက်အထိ တက်တာကို။ အရောင်းအ၀ယ်တော့ ပျက်တာပေါ့။ မိုးများများ ရွာလိုက်ရင် ရေကပြန်တက်တယ် ဆိုတော့ သွားရေးလာရေး အဆင်မပြေဘူး။ ဈေးက ဟင်္သာတရဲ့ အားအထားရဆုံး ဈေးဖြစ်တာပေါ့။”


ဟင်္သာတမြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း အလားတူ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လာရောက်ပြီး ရေဘေး ကူညီရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သလို ရေဘေးသင့် ပြည်သူတွေ အတွက် ကျပ်ငွေ သိန်း ၄၀၀ လောက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဟင်္သာတမြို့ပေါ်မှာ အခုလို မကြာခဏ ရေလွှမ်းမိုးမှု ဖြစ်ပွားနေရတာဟာ မြို့မှာရှိတဲ့ ရေနုတ်မြောင်းတွေ ရေစီးရေလာ မကောင်း ဘဲ ပိတ်ဆို့တာတွေ ရှိနေတာကြောင့် ဖြစ်ပြီး ဒါတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ မြို့ခံ စည်ပင်ယာရေး ကော်မတီနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေက ဦးဆောင် ပြုပြင် ပေးဖို့ကိုလည်း မြို့မိမြို့ဖတွေက ဆန္ဒရှိနေကြပါတယ်။

“ဒီလိုဖြစ်တာ ၂ ခါရှိပြီ။ နောက်မဖြစ်အောင် စီစဉ်မယ်။ နှစ်တိုင်း မဖြစ်ဘူး။ ဒီနှစ်က အဲဒီလို ဖြစ်နေတော့ အာဏာပိုင် အဖွဲ့ အစည်းတွေအနေနဲ့ နောက်မဖြစ်အောင် ဘယ်လိုစီစဉ်မလဲ၊ မြို့မိမြို့ဖ ဈေးသူဈေးသားတွေနဲ့ စုပေါင်းအင်အားနဲ့ လုပ်မလား၊ နိုင်ငံတော်က ချပေးမလား၊ နောက် ဒါမှမဟုတ် ရန်ကုန်တိုင်း ဒေသကြီးကပဲ ဒီဘတ်ဂျက်ကို ချပေး ဒါမျိုးတွေ ဖြစ်စေချင်တာ၊ အခုက အဲဒါမျိုး မဟုတ်ဘဲနဲ့ သဘာဝဘေးအန္တရာယ် ကျတဲ့နေရာကို လာကြည့်တဲ့ပုံစံမျိုးနဲ့ စားဖို့သောက်ဖို့ သိန်း ၂၀၀ လှူဒါန်း တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တဆင့် ဝေပေးခိုင်းတယ်။ သူပြန်သွားတယ်ဆိုတော့ ဒီဟာတင်ပြချိန် မရတော့ဘူး။”

ဟင်္သာတမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကလည်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့်​ နေအိမ်အ​တော်များ​များ​ ​ရေနစ်မြုပ်ခဲ့​ရပြီး သမ္မတဦးသိန်းစိန် ကိုယ်တိုင် လာရောက် ကူညီမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့