Thursday, August 11, 2011

ဦး​အောင်ဆန်း​ဦး​နှင့်​ ​မော်နီတာဂျာနယ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် တရား​စွဲဆို

August 10, 2011
အံ့ဘုန်းမြတ်

မြန်မာ့​ လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်က အစ်ကို​တော်စပ်သူ ဦး​အောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ်တို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

တရား​ရုံး​က မဆုံး​ဖြတ်ရ​သေး​တဲ့​ ၂၀၀၁ ခုနှစ်မှာ ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်​နေထိုင်တဲ့​ ​နေအိမ်နဲ့ ခြံကို​ “အ​မွေဘုံ ပစ္စည်း​ စီမံခန့်ခွဲ​ပေး​စေလိုမှု” နဲ့ ဆွဲဆိုခဲ့​တာနဲ့ ပတ်သက်ပြီး​ ​မော်နီတာဂျာနယ်ဆောင်းပါး​မှာ ဦး​အောင်ဆန်း​ဦး​က တရား​ရုံး​ရဲ့ဆုံး​ဖြတ်ချက်ကို ​ကျော်လွန်ပြီး​ ​ပြောဆိုခဲ့​တဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုလိုက်တာပါ။


ဒီလိုတရား​ စွဲတဲ့​နေရာမှာ ဦး​အောင်ဆန်း​ဦး​နဲ့​အတူ ​ဖော်ပြသူ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်နဲ့​ ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေတို့​ကို တရား​စွဲဆိုလိုက် တာလဲဖြစ်ပါတယ်။

ဒီလ ၈ ရက်​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ရှေ့​နေ​တွေက တရား​ရုံး​ကို မထီမဲ့​မြင်ပြုမှုနဲ့​ တရား​ဆွဲဆိုခဲ့​တာ ဖြစ်ပြီး တရား​စွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က အခုလို ရှင်း​လင်း​ ​ပြောဆိုပါတယ်။

“ဦး​အောင်ဆန်း ​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ်မှာ အ​မွေဘုံ စီမံခန့်​ခွဲ​ပေး​စေလိုမှုဆိုပြီး​ စွဲဆိုထား​တယ်။ စွဲဆိုထား​တဲ့​အမှုက လက်ရှိအ​ခြေအ​နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က သက်​သေ​တွေကို စစ်​ဆေး​ဖို့​အဆင့်​ရှိ​သေး​တယ်။ အမှုကမပြီး​သေး​ဘူး​၊​ အဆုံး​အဖြတ်​တွေ မချမှတ်ရ​သေး​ဘူး​။ အဲ့​ဒီအချိန်မှာ ​မော်နီတာဂျာနယ်က ပြီး​ခဲ့​တဲ့​ ဇူလိုင်လမှာ ​ဆောင်း​ပါး​တခု​ရေး​ခဲ့​တယ်။ ​ဆောင်း​ပါး​မှာ ဦး​အောင်ဆန်း​ဦး​က အဓိကငြင်း​ချက်​တွေ (Major Issue) တွေမှာ​ သူအနိုင်ရပြီး​ပြီလို့​ အင်္ဂလိပ်လို​ပေါ့​ ​ရေး​ထား​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ပစ္စည်း​တွေလိုချင်တဲ့​သ​ဘောနဲ့​ ပြုလုပ်​နေတယ်ဆိုပြီး​ ​ပြောတယ်။ ဒီအ​ပေါ်မှာ တရား​ရုံး​က အဆုံး​အဖြတ်မပြုရ​သေး​တဲ့​ ကိစ္စကို ပုဂ္ဂိုလ် တဦး​တ​ယောက်တည်း​ရဲ့​ ​ပြောကြား​ချက်ကို ဂျာနယ်ကထည့်​တယ်၊​ ဒီကိစ္စနဲ့​ပတ်သက် ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာဦး​ကြည်ဝင်း​နဲ့​ ကျ​နော်တို့​ကို ကိုယ်စား​လှယ်စာ​ပေး​ပါတယ်။ အဲ့​ဒါနဲ့​ ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​တနင်္လာ​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ တရား​စွဲပါတယ်။”

လက်ရှိ​ခြေအ​ နေမှာ​တော့​ ရန်ကုန်တိုင်း​တရား​လွှတ်​တော်က အမှုကို လက်ခံထား​ပြီး​ ထုတ်ပြန်လာမယ့်​ သတိ​ပေး​ကြေညာစာကို ​စောင့်​ဆိုင်း​နေတယ်လို့​လည်း​ ဦး​ဉာဏ်ဝင်း​က ဆိုပါတယ်။

“ကျ​နော်တို့​ လျှောက်ထား​တာက ၁၉၂၆ ခုနှစ် တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ဥပ​ဒေ ပုဒ်မ ၂ နဲ့​ ၃ ပါ။ ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီအမှုကို လက်ခံထား​ပါတယ်။ လာမယ့်​ ရုံး​ချိန်း​တွေမှာ ဘာလုပ်မလဲဆိုတာနဲ့​ပတ်သက်ပြီး​တော့​ တရား​လွှတ်​တော်ရဲ့​ ​သောကြာ​နေ့​တိုင်း​ ထုတ်ပြန်တဲ့​ သတိ​ပေး​ကြေညာစာ​တွေကို ​စောင့်​ကြည့်​ရမှာပါ။ ပြီး​မှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်း​စား​သွား​မှာပါ။”

အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ပုဒ်မ​တွေဟာ လက်ရှိ အသက်ဝင်​နေပြီဖြစ်တဲ့​ ၂၀၀၈ ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ တရား​ကျင့်​ထုံး​တွေနဲ့​ ကိုက်ညီမှု ရှိမရှိဆိုတဲ့​အ​ပေါ်ကိုလည်း​ ဦး​ဉာဏ်ဝင်း​က အခုလိုရှင်း​လင်း​ပြောဆိုပါတယ်။

“လုံး​ဝ အကျုံး​ဝင်မှုရှိပါတယ်။ လက်ရှိအစိုး​ရမတက်ခင် ကာလမှာပဲ ကျ​နော်တို့​ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​တုန်း​ကလည်း​ ဒီပုဒ်မတွေနဲ့ပဲ ပြစ်ဒဏ်​ပေး​ခံခဲ့ရတာပါ။ ဒါက ပြစ်မှု​မြောက်တာ မ​မြောက်တာကို ​ပြောတာမဟုတ်ပါဘူး​ ဒီဥပ​ဒေ အသက်ဝင်​နေ​သေး​တယ် ဆိုတာကို ကျ​နော်​ပြောတာပါ။”

ဒါ့​အပြင် ဒီအမှုမှာ ဦး​အောင်ဆန်း​ဦး​ရဲ့​ အင်တာဗျူး​ကို ​ဖော်ပြခဲ့​တဲ့​ ​မော်နီတာဂျာနယ်က တာဝန်ရှိသူ​တွေကို ထည့်​သွင်း​တရား​စွဲဆိုရတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ဉာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

“ဦး​အောင်ဆန်း ​ဦး​ အပါအဝင် ​မော်နီတာဂျာနယ် ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေ၊​ အယ်ဒီတာချုပ် ဦး​မြတ်ခိုင် သူတို့​ကို ထည့်​ဆွဲတယ်။ သူတို့​ ၂ ​ယောက်ကို ဆွဲရတာကလည်း​ မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ တရား​ရုံး​ မထီမဲ့​မြင် ပြုမှုဥပ​ဒေ​တွေမှာ ဥပ​ဒေလုပ်ထုံး​ လုပ်နည်း​ ​တွေနဲ့​ အညီ တရား​ရုံး​ စီရင်ချက်​တွေမှာ ထုတ်​ဝေသူနဲ့​ အယ်ဒီတာလည်း​ တာဝန်ရှိတယ်ဆိုပြီး​ တသမတ်ထဲ ဆုံး​ဖြတ်ထား​တယ်။ ဒီအ​ပေါ်မှာ အဲဒီသုံး​ဦး​ကို တနင်္လာ​နေ့​က တရား​စွဲပါတယ်။”

တရား​ စွဲဆိုခံရတဲ့​ထဲမှာ ပါဝင်တဲ့​ ​မော်နီတာဂျာနယ်ရဲ့​ အယ်ဒီတာချုပ်ဖြစ်သလို ဒီဆောင်းပါးကိုရေးသားခဲ့တဲ့ ဆရာဦး​မြတ်ခိုင်က​တော့​ ဒီအ​ပေါ်ကို အခုလို​ပြောပါတယ်။

“ဒါ ဖြေတဲ့သူ​တွေရဲ့​ အာ​ဘော်ပဲ​လေ။ ကိုယ့်​အာ​ဘော်မှ မဟုတ်ဘဲ။ သတင်း​ရေး​တာ မဟုတ်ဘူး​။ သတင်း​ဆိုရင်​တော့​ သတင်း​ရေး​သူရဲ့​ အာ​ဘော်ပဲ။ ဒါက အင်တာဗျူး​တဲ့​သူက ​မေး​တယ်။ ​အောင်ဆန်း​ဦး​က ​ဖြေတယ်။ တခြား​ဟာ​တွေ တချို့​ဟာ​တွေက တရား​ရုံး​ကျမှပဲ ​ပြော​တော့​မယ်။ တချို့​ဟာ​တွေက အစ်မ​ကော၊​ ကို​အောင်ဆန်း​ဦး​ပါ ဗိုလ်ချုပ်​အောင်ဆန်း​ သား​သမီး​တွေဖြစ်လို့​ ဘာမှဖြစ်စရာ အ​ကြောင်း​မရှိဘူး​။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ ဦးရွှေမန်းတို့က မကြာခဏ ​ပြောဖူး​တာပဲ။ ဥပ​ဒေ အဆုံး​အဖြတ်ခံယူရမှာပါ။”

ဦး​အောင်ဆန်း​ ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ အဲ့​ဒီအမှုမှာ​တော့​ ဦး​အောင်ဆန်း​ဦး​ကို နိုင်ငံခြား​သား​ တဦး​အ​နေဖြင့်​ ​နေအိမ်ခြံဝင်း​ ပိုင်ဆိုင်ခွင့်​မရှိ​ကြောင်း​ တရား​ရုံး​က ဆုံး​ဖြတ်ခဲ့​တာ​ကြောင့်​ ဦး​အောင်ဆန်း​ဦး​ အမှုရှုံး​နိမ့်​ခဲ့​ရပါတယ်။

အဲ့​ဒီ​နောက် ၂၀၀၁ ခုနှစ်မှာ​တော့​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ ​ပေး​စေလိုမှုနဲ့​ ထပ်မံတရား​စွဲဆိုခဲ့​ရာ ၁၀ နှစ်အကြာ ဒီက​နေ့​အချိန်အထိ တရား​ရုံး​က မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။

ဒီကာလအတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ၂၀၀၉ ခုနှစ်မှာ ​နေအိမ်ပြင်မှုပြုလုပ်ခဲ့​စဉ်အချိန်ကလည်း​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ကန့်​ကွက်မှု​ကြောင့်​ ပြင်ဆင်မှုကို ​ခေတ္တရပ်ဆိုင်း​ထား​ရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့