Monday, August 8, 2011

အတိတ်မှသည် ပစ္စုပ္ပန်ဆီသို့

August 8, 2011
တာမွေ အထက (၂) ကျောင်းသားဟောင်းတဦး

ကျနော်သည် ဘ၀ဇာတ်ဆရာရဲ့ ကကြိုးကကွက်ထဲတွင် ကျင်လည်ရင်း ဘ၀တိုက်ပွဲပေါင်းများစွာနှင့် ဆုံတွေ့ဖူးခဲ့သည်။ ကံတရား ၏ ညွှန်းစေရာအတိုင်း နို့ဖိုးဒုက္ခသည်စခန်းတွင် ၅ နှစ်တာကာလကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်နေရဆဲ။

ဒီနေ့ စနေနေ့။ နို့ဖို့ရဲ့လေထန်ကုန်း သို့မဟုတ် ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်သို့ ဦးတည်ထွက်လာခဲ့မိသည်။ အသက် အရွယ် တို့သည်လည်း ဘ၀တိုက်ပွဲအကြိမ်ကြိမ်နွှဲခဲ့ပြီမို့ လားမသိ ဆံပင်တို့ပင် ဖြူရော်နေတော့ပြီ။


လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း စနေမိုးနဲ့အတူ ကျနော်၏ စိတ်တို့သည် အတိတ်၏ခေါ်ဆောင်ရာ ဟိုး..အဝေးဆီ သို့.. (လွန်ခဲ့သော ၂၃ နှစ်) ၈၈၈၈ လူထုအရေးတော်ပုံကာလ…

မိုးဖွဲများနှင့် အတူ

ဒို့ အရေး… ဒို့ အရေး…

သပိတ် သပိတ် မှောက်မှောက်…

နေ၀င်းအစိုးရ အလိုမရှိ၊

မဆလပါတီ တော်ပါပြီ…

စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ကျနော်တို့ တာမွေ အထက (၂) မှ ကျောင်းသားကျောင်းသူတွေ စစ်အာဏာရှင် ဆန့် ကျင်ရေး၊ တပါတီစနစ်ဖြုတ်ချရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ မဆလစစ်အာဏာရှင် အစိုးရကို အန်တုပြီး လမ်းပေါ်တက် ဆန္ဒပြကြပါတော့သည်။

အဲဒီအချိန်က အသက် ၁၆ နှစ်ကျော် အလယ်တန်းကျောင်းသားလေးတဦး နိုင်ငံရေးဆိုတဲ့ အဓိပ္ပါယ်ကို နားမလည် ဒီမို ကရေစီ လူ့အခွင့်အရေးဆိုတာဘာလဲ..? ကျနော့မှာ အသိအနည်းငယ်သာရှိပေမယ့် မတရားမှုကိုတော့ လက်မခံနိုင်ခဲ့။ စစ်အာဏာရှင် စနစ် ပြုတ်ကျရေးကို နားလည်ခဲ့သည်။ မည်သို့ဆိုစေ ကျနော်တို့ တိုင်းပြည်ရှိ ကျောင်းသားပြည်သူ ရ ဟန်းရှင်အပေါင်းတို့သည် တသွေးတသားတည်း ရှိနေခဲ့ကြသည် မဟုတ်ပါလား။ လူထုအရေးတော်ပုံသည်လည်း ဒီရေ လှိုင်းပမာ တလိပ်လိပ်နှင့်မြင့်တက်နေဆဲ ရိုက်ခတ်ကာလ..

၁၀-၈-၈၈ ရက်နေ့ညနေ ၃ နာရီလောက် ကျနော်တို့ဆန္ဒပြစစ်ကြောင်းကြီးဟာ သိမ်ဖြူလမ်းမှတဆင့် စတော့ဂိတ်ကုန်း ပေါ်သို့ ချီတက်ရောက်ရှိခဲ့ကြပါသည်။ တံတား၏ဟိုဘက်ခြမ်း ကျန်းမာရေးဝန်ကြီးဌာနရုံး အနီးတ၀ိုက်နှင့် နေရာအတော် များများကို တော့ မဆလ တပ်သားတွေက သေနတ်အသင့်ဖြင့် နေရာယူစောင့်ဆိုင်းနေပြီး ကျနော်တို့ စစ်ကြောင်းနဲ့ ကိုက် ၅၀ အကွာ လောက်တွင် ထိပ်တိုက်တိုးကြပါတော့သည်။ မဆလ တပ်သားအချို့ကတော့ ဓာတ်စက်ဖြင့် ကျနော်တို့ စစ် ကြောင်းရှိရာသို့ ၅ မိနစ်အတွင်း လူစုခွဲရန် အကယ်၍လူစု မခွဲပါက ပစ်ခတ်နှိမ်နင်းရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိ ပေးလျက်…

ကျနော်က ၀ါးလုံးကိုလက်နှစ်ဘက်ဖြင့် ကိုင်ထားပြီး ရှေ့ဆုံးကနေ တားထားပါသည်။ နံဘေးမှာတော့ ကျောင်း သား ခေါင်းဆောင် တွေ အလံကိုင်ကျောင်းသားကျောင်းသူတွေ။ စစ်ကြောင်းရဲ့ အမာခံကျောင်းသားတွေက တယောက်နဲ့ တယောက် လက်ချင်းကျစ်ကျစ်ပါအောင် ချိတ်ဆက်ထားကြသည်။ ပြည်သူတွေက နောက်က၊ ကျောင်းသားတွေက ရှေ့ကပေါ့…. လူစုခွဲ ရေးကို ကျနော်တို့ဆီက ကျောင်းသားခေါင်းဆောင်တွေက လုံးဝ သဘောမတူ။ ရှေ့ဆက်ချီတက် ရေးကိုသာ ဦးစားပေးကြသည်။ မဆလ တပ်သားတွေကလည်း ပြည်သူတွေရဲ့ သားသမီးတွေပဲ။ ဒီတော့ ပစ်မှာမဟုတ် လောက်ဘူး။ သူတို့လည်း လူသားတွေပဲ စဉ်းစားဥာဏ်ရှိမှာပေါ့လို့ အားလုံးက တထစ်ချထင်ထားကြသည်။

အခြေအတင်ဖြစ်နေဆဲ….

ညနေ ၃း၃၀ ခန့်လောက် ကောင်းကင်ကြီးတခွင်ရှိ မိုးသားတိမ်လိပ်တို့ ရုတ်တရက် အုံဆိုင်းလာပြီး မိုးရွာရန် အားတင် လျှက်ရှိစဉ် ကျနော်တို့လူထုစစ်ကြောင်းသည်လည်း ရှေ့တိုးရန် မာန်တင်းပြီး ကြွေးကြော်သံနှင့်အတူ လှမ်းလိုက်ကြစဉ်

ဒိုင်း… ဒိုင်း… ဒိုင်း…

ဘ၀တွင် ပထမဦးဆုံး ကြားလိုက်ရသော မရဏ သေမင်းတမန် ကျည်ဆံတို့သည် ဆန္ဒပြစစ်ကြောင်းအတွင်း လေပြင်း မုန်တိုင်း ပမာ ရိုင်းစိုင်းစွာဖြင့် ပြည်သူလူထု ကျောင်းသား ရဟန်းရှင်လူတို့၏ ၀ရဇိန် အသက်ပေါင်းများစွာတို့ကို ချေမွ ဖျက်ဆီးပစ် လိုက် ပါတော့သည်။ တချို့က အော်ကြ၊ တချို့က ဆဲ၊ တချို့က လဲကျနှင့် ကမ္ဘာပျက်မတတ် ခြောက်ခြား စရာမြင်ကွင်းများ၊ တချို့ ကတော့ လွတ်မြောက်ရေးအတွက် ဂုံးတံတားအောက်ကို ခုန်ဆင်းကြနှင့် တကယ်ကို မယုံ ကြည်နိုင်စရာအကျည်းတန်မြင် ကွင်းတရပ်…

ကျနော့်ကိုလည်း မည်သို့တိုက်မိလည်းတော့ မသိလိုက်၊ မြေပေါ်မှာလိမ့်နေသည် ။ ကိုယ်မှာအင်္ကျီမရှိတော့ဘူး။ လှဆန်း ယဉ် ဘောင်းဘီတိုလေး တထည်ပဲကျန်ခဲ့သည်။ ချက်ချင်းထပြီး ရှေ့ကိုကြည့်လိုက်တော့ မဆလ စစ်သားတွေက လူ သေတွေကို ခွကျော်ပြီး ရှေ့သို့တဖြည်းဖြည်းချီတတ်လာကြသည်။ သေနတ်ထိပ်မှ ဓါးတို့ကလည်း သွေးတွေနဲ့ မသေမ ရှင်ဖြစ်နေသော လှဲကျနေသူတချို့ကို ရန်သူကြီးတဦးပမာ အသေထိုးသတ်နေကြပါသည်။ ကျနော် တွေဝေနေဆဲ ရှေ့ တည့်တည့် သုံးလေး ပေလောက်မှာတော့ မှန်တွေ တစစီကွဲကြေမွနေတဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့ဓါတ်ပုံကို ကျနော်ကောက်ယူ လိုက်ပြီး နောက်ကြောင်းလှည့်ပြေးရန် အားယူလိုက်စဉ် ကျနော့်ဘေးနားမှာ လဲနေတဲ့ ကျောင်းသားကြီးတဦးက “ညီးလေး အကို့ကို ကူညီပါအုံး။” ကြည့်လိုက်တော့ ပေါင်မှာ သွေးတွေနဲ့ လဲနေတာကို ကျနော် အတင်း သိုင်းဖက်၍ ဆွဲသွားပါသည်။ ကျနော်တို့အား နောက်ထပ် ကျောင်းသားတ ယောက်ကလည်း ၀င်ရောက်ကူညီလာပါသည်။

ဘ၀မှာ မကြုံဘူးသော ဒေါသအထွဋ်အထိပ်တို့ကြောင့် ကြမ်းတမ်းသောစကားလုံးပေါင်းများစွာကို အော်ဟစ် လျက် ….။

ကျနော်တို့ နောက်ပြန်ဆုတ်ရာ လမ်းမကြီးနံဘေးရှိ သစ်သားလိုင်းခန်းများမှ လူများသည် ထွက်ကြည့်ကြရင်း “သားတို့… သားတို့… မင်းတို့ဒီအတိုင်းပြေးလို့ လွတ်မှာမဟုတ်ဘူး ဒဏ်ရာရတဲ့သူကို ဒီမှာထားခဲ့ပြီး မင်းတို့ လွတ်အောင်ပြေးကြ တော့” လို့ ပြောပါသည်။ ကျနော်တို့လည်း ကျောင်းသားကြီးကို လိုင်းခန်းမှာထားခဲ့ပြီး မိမိရက်ကွက်ရှိရာ ကျောက်မြောင်း သို့ အပြေးနှင်ခဲ့ပါသည်။

အိမ်ရဲ့ခြံစည်းရိုးထိပ်မှာတော့ အိမ်ကလူတွေက ဘယ်အချိန်ပြန်လာမှန်းမသိတဲ့ ကျနော့်ကို ကြိုလင့်နေကြသည်။ တွေ့ လိုက်တော့ အံ့အာသင့်နေကြသည်။ ကျနော့်ပုံစံ အပေါ်ပိုင်းက ကိုယ်တုံးလုံး အောက်ကတော့ လှဆန်းယဉ် ဘောင်းဘီ တိုနဲ့ ခန္ဓာကိုယ်မှာ လည်း ပွန်းပဲ့ရာ ဒဏ်ရာဗလပွနဲ့…

အဖွားက မဆလ ပါတီက ချီးမြင့်ထားတဲ့ မော်ကွန်းဝင်တယောက်။ သူ့ခေတ်သူသမိုင်းကိုလည်း သူတာဝန်ကျေအောင် ထမ်း ဆောင်ခဲ့ဖူးသည်။ အဖွားရဲ့မျက်ဝန်းမှာလည်း မျက်ရည်စတွေပြည့်လျှံလို့… “သားရယ်… မင်းတို့ မသေကောင်း မပျောက်ကောင်း ကွယ်…. အခုတော့ လူစိတ်မရှိတဲ့ အရိုင်းအစိုင်း တိရိစ္ဆာန်တွေရဲ့ အနိုင်ကျင့်တာကို မင်းတို့ခံလိုက်ရပြီ မဟုတ်လား…” လို့ ဂရုဏာသံအပြည့်နဲ့ ပြောပြီး ကျနော့်ရဲ့ကျောပြင်ကို ဗျောတင်လိုက်ပါသည်။

အတွေးတို့သည် အတိတ်တွင်ပျံ့ဝဲရောက်ရှိနေစဉ်…..

“သူ့အဖေ… သူ့အဖေ…. ဘာတွေငေးပြီးထိုင်နေတာလဲ ဈေးမရောင်းတော့ဘူးလား …”

“သြော်…. အေး.. အေး..”

အတိတ်မှသည် ပစ္စုပ္ပန်ဆီသို့… ဘ၀တိုက်ပွဲ ဆက်နွှဲရပေအုံးမည် မဟုတ်ပါလား…။

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်ရင်း အသက်ပေးကျဆုံးသွားသော ရဲဘော်အပေါင်း ကောင်းရာသုဂတိ လားစေသောဝ်…။

အုပ်ကြီးဖေ


Ref: နေ့သစ်

0 comments:

အပေါ်သို့