Tuesday, August 9, 2011

မြိတ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ထောင်လေးလကျ

August 8, 2011
အေး​နိုင်

တနင်္သာရီတိုင်း မြိတ်မြို့တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌနဲ့ သားသမက် စုစုပေါင်းသုံးဦးကို သူတို့အိမ်ကို လာရောက်ရန်စ စော်ကားသူနှစ်ဦးနဲ့ ရန်ဖြစ်တဲ့အမှု စပ်လျဉ်းပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အပြင်ကနေ လာရောက်ရန်စသူ လူငယ်နှစ်ဦးကိုတော့ အမှုကနေ အပြစ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ညဘက် ဆယ်နာရီကျော်မှာ အဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ ဦးစိုးလွင် နေအိမ်ခြံဝင်း တံခါးကို လူငယ် နှစ်ဦးက လာရောက် ကန်ကျောက်ပါတယ်။

ဒီကနေ့ ဦးစိုးလွင်ရဲ့ သား၊ သားမက်နဲ့ ဦးစိုးလွင်တို့နဲ့ အဲဒီလူငယ်နှစ်ဦး ခိုက်ရန် ဖြစ်ပါတယ်။ အနားမှာရှိတဲ့ ဦးစိုးလွင်ရဲ့ဇနီး ဒေါ်ခင်ဝင်းလည်း ခါးမှာဒဏ်ရာရပြီး ဆေးရုံမှာ နှစ်ရက်တက်လိုက်ရသလို နှစ်ဖက်ရန်ဖြစ်သူတွေ ပွန်းပဲ့ဒဏ်ရာရကြပါတယ်။

ဒီနောက် ဦးစိုးလွင်တို့က ရဲကိုတိုင်တဲ့အခါ ရဲက ရန်စသူလူငယ်နှစ်ဦးကို ဖမ်းပြီး မြို့မရဲစခန်းကို ပို့ပါတယ်။

နောက်တနေ့မှာ ရန်စလူငယ်နှစ်ဦး အသိုင်းအ၀ိုင်းက တောင်းပန်ပြီး ပြေငြိမ်းဖို့ ပြောပေမယ့် ရဲက မြို့နယ်ကို တင်လိုက်ပြီဆိုပြီး အမှုစစ်ခဲ့ပါတယ်။

အခုလ ၅ ရက်နေ့မှာ ဦးစိုးလွင်ကို ၄ လနဲ့ ဒဏ်ငွေ၊ ဦးစိုးလွင်သားနဲ့သားမက်ကို ထောင် ၂ လနဲ့ ငွေဒဏ်ချမှတ်ပါတယ်။ အိမ်ပြင်ကနေ ရန်စသူ လူငယ်နှစ်ဦးကိုတော့ ဒဏ်ငွေတပ်ခဲ့ပါတယ်။

ဦးစိုးလွင်ဇနီး ဒေါ်ခင်ဝင်းက သူ့ခင်ပွန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လို့ ခုလို ထောင်ချတာလို့ ယူဆနေပြီး အယူခံဝင်လည်း ရှုံးမယ်လို့ ယူဆတဲ့အတွက် မ၀င်တော့ဘူးလို့ ပြောပါတယ်။

ထောင်မချခင် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း အက်စ်ဘီက သူ့ခင်ပွန်းကို ညဘက်ခေါ်ဆောင်ပြီး အန်အယ်လ်ဒီကနေ ထွက်ဖို့ ဖိအားပေး ခြိမ်းခြောက်တယ်လို့ ပြောပါတယ်။

အခုလို ထောင်ကျမှုနဲ့ ပတ်သက်ပြီး မြိတ်မြို့ အဖွဲ့ချုပ်လူငယ်အမျိုးသမီးက “ဦးစိုးလွင် ထောင်ကျတယ် ဆိုတော့ လုပ်တဲ့လူက ထောင်မကျဘဲ။ ခံရတဲ့သူက ထောင်ကျတယ်ဆိုတော့ ဟိုလူတွေတော့ ဒဏ်ငွေအသီးသီးနဲ့ ဆိုတော့ လုံးဝ မတရားဘူးဆိုတာ ကျမတို့ပြောချင်တယ်။”

ဦးစိုးလွင်လို အလားတူ ဖြစ်ရပ်တွေဟာ တပ်မတော်အစိုးရ လက်ထက်တုန်းက ဒေသအသီးသီးမှာ ဖြစ်ပျက်လေ့ ရှိပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့