Monday, August 8, 2011

မြစ်ကြီးနား-တနိုင်း လမ်းမကြီးမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

2011-08-07

စစ်ရေးတင်းမာမှု ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်မှာ ည ၇ နာရီ နောက်ပိုင်း ဖြတ်သန်း သွားလာခွင့် မပြုကြောင်း အစိုးရ အာဏာပိုင်တွေက ဒီကနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

“ဒီနေ့ည ၇ နာရီကစပြီးတော့ ဆိုင်ကယ်၊ စက်ဘီး ဘာမှ မသွားရဘူး၊ ပုဒ်မ ၁၄၄ ထုတ်ပြီးတော့ ပစ်မိန့်ပေးထားတယ်လို့ ခုနကပဲ သတင်းရတယ်”

ဒီအမိန့်ကို နမ္မတီးမြို့အခြေစိုက် စကခ (၃) က ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မြစ်ကြီးနား မြို့အဝင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဂိတ်ကြေး အဓမ္မ ကောက်ခံနေတာကြောင့် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ လုံခြုံရေးကို အကြောင်းပြပြီး မကြာခင်က မြို့အဝင်မှာ ဂိတ်သစ် ၃ ခု ဖွင့်လှစ်ပြီး အခုလို ငွေကြေး မတရား ကောက်ခံနေတာ ဖြစ်တယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

“ကားတွေ ညကိုသွားရင် ငါးထောင် တသောင်း တောင်းတယ်။ အရင်တုန်းက ဂိတ်မရှိဘူး။ အခု လုံခြုံရေးအရ ဆိုပြီး တပ်နဲ့ ရဲနဲ့ တွဲပြီး ဂိတ် ၃ ခုတောင် ချထားတယ်။ ခရီးသည်တွေ ကားတွေကို တအား ဒုက္ခပေးနေတယ်”

ဒီလုံခြုံရေး ဂိတ်သစ် ၃ ခုကို မြစ်ကြီးနား မြို့အဝင် နန်းကွေ့တံတား၊ မော်ဖောင်းကုန်းနဲ့ လေတပ်လမ်းခွဲ နေရာတွေမှာ ဖွင့်လှစ် ထားတာဖြစ်ကြောင်း သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့