Monday, August 8, 2011

မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေးအင်အားစု ဒုတိယအကြိမ် စည်းဝေး

2011-08-07

မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေး တည်ဆောက်မှု အဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အမေရိကန် နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့လည်က ESL ကျောင်းမှာ သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပခဲ့ရာမှာ အဖွဲ့အစည်း အသီးသီးက လူအင်အား ၁ ရာကျော် တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးနိုင်းနိုင်း၊ ဒေါ်ဖြူဖြူသင်း တို့ ပေးပို့တဲ့ ရုပ်သံ ဗီဒီယိုဖိုင် တွေကိုလည်း ဖွင့်ပြခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းပါ ညီညွတ်ရေး ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ တယ်။ ညီညွတ်ရေးနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ အမြင်တွေကိုလည်း ပေးပို့နိုင်တယ် ဆိုတဲ့အတွက် အဖွဲ့အစည်း အသီးသီးက ညီညွတ်ရေးဆိုင်ရာ သဘောထားအမြင်တွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သဘောထားပေးခဲ့သူ တဦးဖြစ်တဲ့ ဖို့ဝိန်းမြို့ မြန်မာ့ ဒီမိုကရေစီအင်အားစုက ဦးအောင်မြင့်ထွန်းက - ၁၉၈၈ ကတည်းက မဆလ အစိုးရ ပြုတ်ကျရေးဆိုတဲ့ တခုတည်းသော ခေါင်းစဉ်အောက်မှာ အားလုံး ညီညွတ်ခဲ့ကြကြောင်း၊ အဲဒီနောက် မညီမညွတ်တွေ ဖြစ်လာတယ်လို့ သုံးသပ်ကြကြောင်း၊ မိမိအမြင်ကတော့ အားလုံးဟာ မတူကွဲပြားတဲ့ မူဝါဒတွေကြောင့်သာ ကွဲပြားနေ ကြတာဖြစ် လို့ လောလောဆယ် မူဝါဒတွေကို အသာထားပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ လုပ်ငန်းစဉ်အောက်မှာ အတူပူးပေါင်း ဆောင်ရွက်နိုင်ကြမယ်လို့ ယူဆကြောင်း၊ တခြားသူတွေကလည်း ကိုယ့်အမြင်ကိုယ် အသီးသီး တင်ပြခဲ့ကြကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲကို နိုင်ငံအများက အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို ကိုယ်တိုင် မတက် ရောက်နိုင်သူတွေက Skype အင်တာနက် တယ်လီဖုန်းလိုင်းက တဆင့် ဆက်သွယ် ဆွေးနွေးကြတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးသန်းဝင်းက ပြော ပါတယ်။

မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေး တည်ဆောက်မှုအဖွဲ့ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲကို ၂ဝ၁၁ ခုနှစ် မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့