Thursday, August 11, 2011

ဆန်စပါး​မူဝါဒများ​ ​ပြောင်း​ရန် တင်ပြမည်

August 10, 2011
ရွှေအောင်

ဆန်စပါး​ ဆိုင်ရာ မူဝါဒ​တွေ ပြုပြင်​ပြောင်း​လဲသင့်​ပြီ ဖြစ်တဲ့​အ​ကြောင်း​ အလုပ်ရုံ ​ဆွေး​နွေး​ပွဲတခုက​နေ တင်ပြဖို့​ရှိတယ်လို့​ ဆန်စပါး​လုပ်ငန်း​အသင်း​က အမည်မ​ဖော်လိုတဲ့​ အမှု​ဆောင်တဦး​က ​ပြောပါတယ်။

တင်ပြမယ့်​ အချက်​တွေထဲမှာ ဆန်စပါး​အထူး​ပြုကုမ္ပဏီများ​၊​ ဆန်စက်လုပ်ငန်း​ရှင်များ​၊​ လယ်ယာလုပ်ငန်း​သုံး​စက် ယန္တရား​များ​ တင်သွင်း​နေသည့်​ ကုမ္ပဏီများ​ကို အခွန်ကင်း​လွတ်ခွင့်​ပြုရန် စတဲ့​ အချက်​တွေ ပါဝင်တယ်လို့​ ​ပြောပါတယ်။


ဆန်စပါး​ လုပ်ငန်း​ဆိုင်ရာ ကဏ္ဍအား​လုံး​ပါဝင်​သော ဆန်စပါး​ဆိုင်ရာ မူဝါဒဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေး​ပွဲ တခုကို မြန်မာနိုင်ငံ ဆန် စပါး​အသင်း​က ဩဂုတ် ၈၊​ ၉ ရက်​နေ့​တွေက မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်း​ချုပ် UMFCCI မှာ ကျင်း​ပခဲ့​ပါတယ်။

အဲ့​ဒီမှာ ပြုပြင်​ပြောင်း​လဲသင့်​တဲ့​ ဆန်စပါး​မူဝါဒ​တွေနဲ့​ပတ်သက်လို့​ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စား​ပြုတင်ပြသွား​ဖို့​ ​ဆွေး​နွေး​ခဲ့​ကြတာဖြစ်ပါတယ်။

အလုပ်ရုံ​ဆွေး​နွေး​ပွဲမှ ​ဖော်ထုတ်ရရှိတဲ့​ ပြုပြင်​ပြောင်း​လဲသင့်​တဲ့​ မူဝါဒအချို့​က​တော့

- ပို့​ကုန်​လျှော့​ပြီး​ ပြည်တွင်း​ဆန်ဖူလုံ​ရေး​ ကိစ္စ​ဖြေရှင်း​ရန်အတွက် ပို့​ကုန်အခွန်အတိုး​အ​လျှော့​ပြုလုပ်သွား​ဖို့​၊

- ဆန်တင်ပို့​တဲ့​ မူဝါဒကို ပိတ်လိုက်ဖွင့်​လိုက်လုပ်မည့်​အစား​ စဉ်ဆက်မပြတ် ပြည်ပ​ဈေး​ကွက်သို့​ ချိတ်ဆက်တင်ပို့​နိုင်တဲ့​ အ​ခြေအ​နေကို ဖန်တီး​ဖို့​၊

- ဆန်စိုက်​တောင်သူများ​ တွက်​ခြေကိုက် ​ဈေး​နှုန်း​ရရှိ​ရေး​အတွက် လယ်လုပ်သူများ​ လယ်ပိုင်ခွင့်​ရရှိဖို့​၊

- ​မြေယာပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ရန်နှင့်​ အစိုး​ရမှ အာမခံ​ဈေး​နှုန်း​သတ်မှတ်ဝယ်ယူ​ပေး​ဖို့​၊

- ဆန်ဖြူ တင်ပို့​ရောင်း​ချခြင်း​နှင့်​ အပြိုင် ​ပေါင်း​ဆန်တင်ပို့​ရောင်း​ချ​ရေး​ ပြင်ဆင် အ​ကောင်အထည်​ဖော်ဖို့​၊

- စိုက်ပျိုး​ရေး​ ဆန်စပါး​ထုတ်လုပ်​ရေး​ အထူး​ပြု ​ကောလိပ် သိပ္ပံနှင့်​ တက္ကသိုလ်များ​ အဆင့်​မြှင့်​တင်​ရေး​နှင့်​ အသစ်ဖွင့်​လှစ်​ရေး​ အထူး​ကုမ္ပဏီကို Contract Farming လုပ်တယ်လို့​ တိတိကျကျသတ်မှတ်​ပေး​ဖို့​၊

- အထူး​ပြု ကုမ္ပဏီများ​ကို အတိုး​မဲ့​ ၅ နှစ် အရင်း​နှီး​ ​ချေး​ခွင့်​သော်လည်​ကောင်း​ ၅ နှစ် အခွန်ကင်း​လွတ်ခွင့်​ ​ပေး​ဖို့​သော်လည်း​ကောင်း​ ခွင့်​ပြုပေး​ဖို့​ စတဲ့​အချက်​တွေ တင်ပြဖို့​ရှိတယ်လို့​ သိရပါတယ်။

လက်ရှိမှာ ပြည်ပတင်ပို့​တဲ့​ဆန်​ဈေး​က တတန်ကိုအ​မေရိကန်​ဒေါ်လာ​လေး​ရာ​လောက် ​ပေါက်​ဈေး​ရှိပြီး​၊​ ပို့​ကုန်ရ​ငွေ အ​မေရိကန်​ဒေါ်လာ​ဈေး​ကျ​နေတာ​ကြောင့်​ ဆန်တင်ပို့​သူ​တွေ တွက်​ခြေမကိုက်ဖြစ်​နေပါတယ်။ အကျိုး​ဆက်အ​နေနဲ့​ ပြည်တွင်း​စပါး​ဈေး​ကျ ​နေပြီး​ ​တောင်သူ​တွေလည်း​ အခက်​တွေ့​နေကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့