Monday, August 8, 2011

ကျပ်ငွေတန်ဖိုး တက်သဖြင့် အထည်ချုပ်စက်ရုံများလည်း ရပ်ရ

08 August 2011

အစိုးရသစ် လက်ထက်တွင် ငွေလဲနှုန်း၌ ကျပ်ငွေတန်ဖိုး မြင့်တက်နေမှုကြောင့် မြန်မာ့ အထည်ချုပ် စက်ရုံအများစု လုပ်ငန်း မကောင်းမွန်တော့ဘဲ အရှုံးပေါ်သဖြင့် စက်ရုံတချို့ ပိတ်သိမ်းခြင်း၊ စက်ရုံအများစုမှာ လုပ်ငန်းလျှော့ချခြင်း၊ အလုပ်သမား လျှော့ချခြင်းများ အကြီးအကျယ် လုပ်ဆောင်နေရကြောင်း သတင်းရရှိသည်။

ငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုး တရိပ်ရိပ် တက်နေမှုကြောင့် အထည်ချုပ်စက်ရုံများ ဆက်လက် ရပ်တည်နိုင်မှု မရှိတော့ သည့် အပြင် ပြည်တွင်းစီးပွားရေး သိသာစွာ နှေးကွေးလာသောကြောင့် စက်ရုံတချို့ ပိတ်သိမ်းနေပြီဟု ရန်ကုန်မြို့မှ အထည်ချုပ် စက်ရုံပိုင်ရှင် များက ပြောသည်။


“စက်ရုံပိတ်လိုက်တဲ့ ကုမ္ပဏီတချို့ရှိနေပြီ။ လည်နေတဲ့ စက်ရုံတွေကလည်း လည်သာ လည်နေရတာ၊ အဆင် မပြေဘူး။ တပတ်မှာ သုံးရက်လောက် စက်ရုံလည်၊ လေးရက်လောက် စက်ရုံနား ပုံစံမျိုးနဲ့ လည်နေတာတွေ အများကြီးရှိတယ်။ လုပ်ငန်း အတော်ကို မကောင်းဘူး” ဟု ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အထည်ချုပ်စက်ရုံ ပိုင်ရှင် တဦးက ပြောသည်။

ကျပ်ငွေ တန်ဖိုးတက်နေမှုကြောင့် ကျပ် သိန်း ထောင် သောင်းချီ အရှုံးပေါ်ခဲ့ရသည့် ရေထွက် ပို့ကုန် စက်ရုံ အများစု ပိတ်သိမ်းခဲ့ ပြီးနောက် ယခုကဲ့သို့ အထည် ချုပ်စက်ရုံများပါ ပိတ်သိမ်းခဲ့ရခြင်းဖြစ်သည်။

ယနေ့ အမေရိကန် ၁ ဒေါ်လာလျှင် ၇၆၀ ကျပ်အထိ ကျပ်ငွေ တန်ဖိုးမြင့်လာသဖြင့် အထည်ချုပ် စက်ရုံအများစု အလုပ်သမား လစာပေးရန်ပင် အခက်တွေ့နေရကြောင်း သိရှိရသည်။

“အထည်ချုပ်လုပ်ငန်း ဆိုတာက နိုင်ငံခြားကပို့လိုက်တဲ့ အပ်ထည်ကို ချုပ်ပြီး ပြန်ပို့ပေးရတာ။ ချုပ်ခကို ဒေါ်လာနဲ့ရတယ်။ လောလောဆယ် ဒေါ်လာတန်ဖိုး အရမ်းကျနေတော့ မြတ်ဖို့မပြောနဲ့ မရှုံးအောင် အတော်ကြီးကို ရုန်းကန်နေရတယ်။ နောက်ထပ် ပြည်ပအပ်ထည်တွေ လုံးဝ လက်မခံတော့ဘူး။ အခုဖြစ်နေတဲ့ အခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် သေချာပေါက် စက်ရုံတွေ အကုန်ပိတ်ရလိမ့်မယ်” ဟု ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောသည်။

အထည်ချုပ်စက်ရုံများ စီးပွားရေး မကောင်းတော့သဖြင့် လုပ်ငန်းရပ်နားရချိန်တွင် အလုပ်ရှင်နှင့် အလုပ်သမားများ အဆင်မပြေ
မှု များ ဖြစ်ပွားပြီး အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်နေကြောင်း သတင်း ရရှိသည်။

“ကျမတို့က အထည်ချုပ်စက်ရုံတွေ ဘက်ကလည်း လုပ်ငန်းဆက်မလည်နိုင်တော့ဘဲ ချက်ချင်းရပ်လိုက် ရတာမျိုးရှိတယ်။ အဲဒီလို ရပ်ရတဲ့အခါမျိုးမှာ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ အလုပ်ထွက်ခိုင်းတာ၊ အလုပ်နားရက် တိုးပေးရတာတွေ လုပ်ရတယ်။ ကျမတို့ဘက်ကလည်း အတော်ကို အဆင်မပြေလို့ပါ” ဟု ရန်ကုန် အထည်ချုပ် စက်ရုံပိုင်ရှင် တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက အလုပ်သမားများအား ပေးသည့် နစ်နာကြေး နည်းသွားလျင်သော်လည်းကောင်း၊ မပေးနိုင်ခဲ့လျင်သော် လည်းကောင်း၊ အလုပ်နားရက် များလာလျင်သော်လည်းကောင်း အလုပ်သမားများ မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုများ ပြုလုပ် လာကြကြောင်း ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ “လင်းထက်” သိုးမွှေး အထည်ချုပ်စက်ရုံ အရှုံးပေါ်သဖြင့် လုပ်ငန်း ရပ်နားခဲ့ရာ အလုပ်သမားများ မကျေမနပ် ဆန္ဒပြမှုတချို့ ရှိခဲ့ပြီး ယခု သြဂုတ်လဆန်းပိုင်းတွင်လည်း ဒဂုံမြို့သစ် တောင်ပိုင်း စက်မှုဇုန် ၁ ရှိ SGI အထည်ချုပ်စက်ရုံတွင် အလုပ်သမား ထောင်နှင့်ချီ ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် အပါအ၀င် အာဏာပိုင်များက အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ၀င်ရောက် ညှိနှိုင်း ပေးနေရကြောင်း သိရှိရသည်။

အစိုးရသစ်သည် ပို့ကုန်များအပေါ် ကောက်ခံနေသော အခွန် ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ဇူလိုင်လ ၁ ရက်နေ့မှစတင် လျှော့ချခဲ့သော်လည်း အထည်ချုပ် ပို့ကုန်များ၏အခွန်ကို လုံးဝ လျှော့ချ မပေးခဲ့သောကြောင့် အခြေအနေ မဟန်သော အထည် ချုပ်လုပ်ငန်းများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း စက်ရုံပိုင်ရှင်များက ပြောသည်။

“ငွေဈေးကျလို့ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ အခွန်က မလျှော့တော့ မိအေး နှစ်ခါနာ ဆိုသလိုပေါ့။ စီးပွားရေး ပိတ်ဆို့လို့
အထည်ချုပ် လုပ်ငန်းတွေ ပိတ်ရတာတင် မဟုတ်ဘူး၊ အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့လို့ ပိတ်ရတာမျိုးလည်း ဖြစ်နေတယ်” ဟု လှိုင်သာယာ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးက ဆိုသည်။

များမကြာမီကာလအတွင်း အထည်ချုပ်စက်ရုံများ ဆက်တိုက်ဆိုသလို လုပ်ငန်းရပ်နားမှု ရှိလာနိုင်ရာ အလုပ်သမား ဆန္ဒပြမှု များနှင့် အလုပ်လက်မဲ့ဦးရေ တဟုန်ထိုး တိုးတက်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောနေကြသည်။

ပြည်တွင်းတွင် အထည်ချုပ်စက်ရုံစုစုပေါင်း ၃၀၀ နီးပါးရှိနေပြီး အလုပ်သမား အရေအတွက်မှာ အနည်းဆုံး ၇ သောင်းနှင့် ၁ သိန်း ၀န်းကျင်၌ ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စာရင်းဇယားများအရ သိရှိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့