Monday, August 8, 2011

ပွဲဖျက်တာမျိုး မလုပ်ပါနဲ့ တောင်းပန်ပါတယ်လို့ ပြောလာတဲ့ MFF

ဆလိုင်း ဟံသာစန်း
သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ်

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် သုဝဏ္ဏကွင်းတွင် မြန်မာနှင့် အိုမန်တို့ကစားစဉ် ပရိသတ် ရမ်းကားမှုကြောင့် မြန်မာ့ အားကစား လောက၏ ပထမဆုံး ဖြစ်ရပ်အဖြစ် ပြိုင်ပွဲကို ရပ်နားလိုက်ရသည့်အထိ ဖြစ်ခဲ့သည့် အခြေအနေများကို မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်းက MFF မီဒီယာ တာဝန်ခံ ဦးစိုးမိုးကို ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

ဖီဖာမှ အပြစ်ပေးမည့် အခြေအနေ၊ ပြစ်ဒဏ်အတွက် MFF ၏ ပြင်ဆင်ထားမှု၊ ဆိုးသွမ်းပရိသတ် အရေးယူမှု အနေအထား၊ ပျက်ခဲ့ရသည့် မြန်မာ - အိုမန်ပွဲစဉ်ကြောင့် မြန်မာ့ဘောလုံးလောက အပေါ် ရိုက်ခတ်လာနိုင်မှု၊မြန်မာနိုင်ငံတွင် နောက်နောင် ကျင်းပမည့် အိမ်ကွင်းပွဲစဉ်များအား အခမဲ့ ကြည့်ခွင့် ပေးမပေး စသည်တို့ကို ဤမေးမြန်းခန်းတွင် ဖတ်ရှုနိုင်ပါသည်။

တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် (ဒုတိယ အကျော့) အဖြစ် မြန်မာနှင့် အိုမန် လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဇူလိုင်လ ၂၈ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့ကြ ခြင်း ဖြစ်သည်။ ပရိသတ် ရမ်းကားမှုကြောင့် ပွဲရပ်နားခဲ့ရပြီး အိုမန်အသင်းက နှစ်ပွဲပေါင်း ၄ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ၊ အိုမန်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို အကျဉ်းချုပ် ပြန်ပြောပြပေးပါ။

“အဓိကကတော့ ပရိသတ်တချို့က ဒိုင်လူကြီး ဆုံးဖြတ်တာကို မကျေနပ်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ဒုတိယဂိုးအဖြစ် ပင်နယ်တီ ပေးလိုက်တဲ့နောက်ပိုင်းမှာ အကုန်လုံး ပစ်ခတ်တာတွေ လုပ်လာတာပေါ့။ အရင်တုန်းကလို ရေဗူးတို့ ဖိနပ်တို့လောက်ပစ်ရင် ကျနော်တို့က ထိန်းလို့ရတယ်။ တချို့က ခဲတွေပါတယ်။ တခြားဘာတွေ ညာတွေ ပါတယ် ဆိုတော့ တော်တော် ဆိုးဆိုး ဝါး ဝါးဖြစ်သွားတယ်။ လူသုံးသောင်းခွဲလောက်မှာ ၃ဝဝ လောက်ပဲ ဆိုးတာပါ။ ကျန်တဲ့လူတွေ မပါ၊ ပါဘူး”

ပွဲရပ်သွားတဲ့အထိ အခြေအနေအနေက ဘာ့ကြောင့် ဆိုးသွားတာလဲ။

“ဒိုင်လူကြီးက ပွဲရပ်တာ။ ခဏရပ်ပြီးတော့ ပြန်ကစားတယ်။ တအောင့်နေတော့ ဂိုးသမားကို လှမ်းပစ်တဲ့ပုံစံမျိုး ခဲသုံးလေး လုံးလောက် ရောက်လာတယ်။ ဒီဘက်က ဂိုးသမားပေါ့။ ဂိုးသမားတော့ မထိဘူး။ ခဲတွေက တော်တော် ကြီးတယ်။ ဒိုင်လူကြီးက ခဲလုံးကောက်ပြီးတော့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံကို ပြန်ပြတယ်။ အဲဒီအချိန်မှာပဲ ဒီဘက်မှာ လှမ်းပစ်လိုက်တဲ့ ခဲလုံးက ကွင်း ဘေးကို ရောက်ပြီးတော့ အိုမန်က ကြံ့ခိုင်ရေးနည်းပြ ခေါင်းကို သွားထိတယ်။ခေါင်းပေါက်သွားတော့ ဟိုလူတွေက တသင်းလုံး ဝင်လာပြီး ပွဲဆက်မစားတော့ဘူး။ အဲဒီအချိန်မှာ တချို့က ထိန်းမရ သိမ်းမရ ဖြစ်ကုန်တယ်။ ပစ်တာခတ်တာအပြင် တချို့က ကွမ်းထုပ်တွေနဲ့ပစ်၊ တခြားဟာတွေနဲ့ ပစ်ဆိုတော့ အခြေအနေက ဆိုးသွားတော့တာပေါ့”

ဦးဇော်ဇော် လိုက်တောင်းပန်းချိန်မှာလဲ သူ့ကို ပစ်တယ်လို့ သိရပါတယ် ဘာ့ကြောင့်ပါလဲ။

“ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် ကွင်းဘေး ပတ်ပတ်လည် လိုက်တောင်းပန်တာ သူ့ကို ပစ်တာတော့ မဟုတ်ဘူး။ သူလည်း သွားရင်းသွားရင်းနဲ့ သူ့ပါ ထိမိတာပေါ့။ အဲဒါမျိုးတွေ ဖြစ်လာတော့ ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက ဆက်ကစားခွင့် မပြု တော့ဘူးဆိုပြီး ပွဲရပ်လိုက်တယ်။ ဒါပါပဲ”

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖီဖာ (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) က မြန်မာဘောလုံး အဖွဲ့ချုပ် အပေါ်ကို ပြစ်ဒဏ် တစုံတရာ ချမှတ်တာများ ရှိပြီလားခင်ဗျ။

“ဘာမှမလာသေးပါဘူး။ သူတို့ ပြစ်ဒဏ်ချတယ် ဆိုပေမယ့် အဲသလောက် မမြန်ဘူး။ ဖီဖာမှာ နိုင်ငံတော်တော်များများ ပါတဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆိုတာ ရှိတယ်။ သူတို့မှာ ကျနော်တို့ ဘောလုံးကိစ္စတင် မဟုတ်ပါဘူး။ တခြားကိစ္စတွေလည်း ရှိတယ်။ ကျနော်တို့ဆီကိုတော့ ဘာမှ အကြောင်းမပြန်သေးပါဘူး”

ဆရာတို့ဘက်ကကော ဖီဖာ ကို ဘာတွေ တင်ပြထားလဲ။

“ဘောလုံး ဥပဒေအရတော့ ပြစ်ဒဏ် ချခံမှာပေါ့ဗျာ။ ဒါပေမယ့် အခုဖြစ်တဲ့ကိစ္စက ဆိုးဆိုးရွားရွား မရှိပါဘူး။ တယောက်မှ ဒဏ်ရာ ကြီးကြီးမားမား မရဘူး။ အိုမန်က လက်ထောက်နည်းပြတယောက် ခေါင်းကို ထိသွားတာက လွဲလို့ ကျန်တာကြီးကြီးမားမား မရှိဘူး။ သေတာကြေတာ ဘာမှ မရှိဘူး။ နောက်ပြီး ပရိသတ်က ပစ်လွန်းအားကြီးလို့ ဆက်ပြီးတော့ မကစားသင့်ဘူး ထင်လို့ ဒိုင်လူကြီးက ပွဲရပ်လိုက်တာ။ အဲတော့ အဲလိုကိစ္စကိုလည်း ဆွေးနွေး တင်ပြထားတယ်။ ဒီကိစ္စဟာ ဘာမှ မဟုတ်ဘူး ဆိုတာကိုပေါ့”

အခုက မြန်မာဘောလုံး အဖွဲ့ချုပ် အနေနဲ့ ဖီဖာရဲ့ ပထမဦးဆုံ အရေးယူခံရမယ့် အဖြစ်အပျက်လား။

“အဲလိုပဲ ပြောရမှာပေါ့ဗျာ။ ဒါမျိုး အရင်က နည်းနည်းတော့ ဖြစ်ဖူးတယ်။ ဒီလောက်အထိ ဆိုးတာတော့ မဖြစ်ဖူးဘူး။ ပွဲတခုလုံးကို ကန်နေရင်းနဲ့ ရပ်ပစ်ရလောက်တဲ့ အထိ မဖြစ်ဖူးဘူး။ ၂ဝဝ၃ တုန်းက ယူ-၁၈ ပြိုင်ပွဲ မြန်မာနဲ့ ထိုင်းနဲ့ ဗိုလ်လုပွဲမှာ အဲလိုပဲ ပရိသတ် တွေ အများကြီး ဝင်ဖူးတယ်။ ဝင်တာမှ ကွင်းဘေးအထိ ရောက်တယ်။ ပွဲက မစသေးဘူး။ ၁ဝ မိနစ် ၁၅ မိနစ်လောက် မေတ္တာရပ်ခံပြီးတော့ ပရိသတ်တွေ အပေါ်ပြန်တင်တယ်။ ပြီးတော့ ပြန်ကစားတယ်ပေါ့။ အဲဒီတုန်းက ပရိသတ်က ပြောလို့ဆိုလို့ ရတယ်ပေါ့ဗျာ။ အခု ပရိသတ်ကတော့ တချို့ဆို သောက်ထားတာတွေ ပါတာပေါ့နော်။ အဲဒါတော့ ကွာတာပေါ့”

အဖွဲ့ချုပ်အနေနဲ့ ဖီဖာဆီကနေ ဘယ်လိုပြစ်ဒဏ်မျိုး မျှော်လင့်ထားသလဲ။ ပွဲကစားခွင့် ပိတ်တာမျိုး မဟုတ်ဘဲ ငွေဒဏ်လောက်နဲ့ပဲ ပြီးသွားဖို့ မျှော်လင့်ထားမိလား ခင်ဗျ။

“ကျနော်တို့ကတော့ ပြစ်ဒဏ် လုံးဝ မကျခံရရင် ကောင်းတာပေါ့ဗျာ။ ဘာမှမဖြစ်ဘဲ ဘာပြစ်ဒဏ်မှ မချဘဲဆိုရင်တော့ကောင်း တာပေါ့။ ဒါပေမယ့် ပြောလို့မရပါဘူး။ ကျနော်တို့ မျှော်လင့်လို့ မရပါဘူး။ သူတို့စည်းမျဉ်းအရ စစ်ဆေးပြီး သူတို့ လုပ် မှာပေါ့နော်။ ကျနော်တို့ဘက်က သူတို့ ပြစ်ဒဏ်ချရင် လျော့ပေါ့အောင် အသနားခံစာတင်ဖို့ ရှိတာပေါ့”

ဒီပွဲမှာ ရမ်းကားတဲ့ ပရိသတ် ဘယ်နှစ်ယောက်လောက် ဖမ်းဆီး အရေးယူထားတာ ရှိသလဲ ခင်ဗျ။

“ပရိသတ် ဘယ်နှစ်ယောက် ဖမ်းဆီး အရေးယူတယ်ဆိုတာ ကျနော်တို့ မသိရပါဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ အပိုင်းကတော့ သူတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဗီဒီယို အထောက်အထားတွေနဲ့ အရေးယူတာမျိုး ရှိတယ်လို့တော့ သိရပါတယ်။ ဘယ်နှစ် ယောက်လဲ ဆိုတာတော့ ကျနော် မသိပါဘူး”

ပရိသတ် တချို့ပြောတာက ရိုးရိုးတန်းကို အလကား ကြည့်ခွင့်ပေးတဲ့ အတွက် ခုလိုဖြစ်ရတာလို့ ဆိုတယ်။ နောက်နောင် မြန်မာပြည်မှာ လုပ်မယ့် အိမ်ကွင်းပွဲတွေမှာ အခမဲ့ကြည့်ခွင့် ပေးဖို့ရှိမလား။

“ လုံးဝကို မစဉ်းစားပါဘူး။ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပရိသတ်တွေအပေါ် စေတနာထားပြီး ရိုးရိုးတန်း အခမဲ့ကြည့်ခွင့်ပေးဖို့ လုပ်ခဲ့တာပါ။ အခုတော့ သူ့စေတနာ ကျနော်တို့ ဘောလုံးအဖွဲ့ချုပ် စေတနာတွေ အလကား ဖြစ်သွားရပါတယ်။ ဒါကြောင့် နောက်နောင် မြန်မာပြည်မှာလုပ်မယ့် အိမ်ကွင်းပွဲတွေ အခမဲ့ ကြည့်ခွင့် ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ ပါဘူး”

ဒီပွဲမှာ ကွင်းထဲကို ပရိသတ်တွေ ပစ်တဲ့ပစ္စည်းတွေထဲမှာ ဂျင်ကလိလို၊ လေးခွလိုဟာတွေတောင် ပါနေတယ်လို့ သိရပါတယ်။ အဲဒီလိုအခြေအနေဟာ လုံခြုံရေးတင်းကျပ်မှု လျော့နည်းတာကြောင့်လို့ ပောလို့ရမလား။

“လုံခြုံရေး လျော့ရဲတယ်ဆိုတဲ့ ကိစ္စက ပထမကွင်းထဲကို ဝင်မယ့် ပရိသတ်တွေကို ကျနော်တို့ တယောက်ချင်း စစ်တယ်။ အဲ သလိုစစ်တော့ ကွင်းထဲကို ဝင်ဖို့ အချိန်နည်းနည်း ကြန့်ကြာတာရှိတယ်။ လူတွေ တန်းစီစောင့်ရတယ် ပေါ့ဗျာ။ အဲဒီမှာ ပရိသတ် တချို့က VIP (အထူးဖိတ်ကြားထားသူများ) ဝင်ပေါက်ဘက်ကို သွားပြီးတော့ တိုးကြတယ်။ နောက်အဲဒီမှာ ကာထားတဲ့ သံပန်း တံခါးကြီးကို လူအုပ်နဲ့ ဖိတိုးလိုက်တော့ သံပန်းတံခါးကြီး ကျိုးကျသွားတယ်”

“နောက်တော့ လူတွေက ရေကာတာ ကျိုးပေါက်သလိုပဲ တဟုန်ထိုး ကွင်းထဲကိုဝင်ကြတယ်။ အဲဒီအချိန်မှာ လေးခွ ပါတဲ့လူလည်း ကွင်းထဲရောက်သွားမယ်။ ဂျင်ကလိပါတဲ့ လူလည်း ကွင်းထဲ ဝင်သွားမှာပဲ။ ဘယ်လိုမှ မစစ်ဆေးနိုင် တော့ဘူး။ ခင်ဗျားသာ အဲဒီနေရာမှာရှိနေရင် ပရိသတ်တယောက်ချင်း စစ်ဆေးဖို့ ဖြစ်နိုင်ပါ့မလား။ အဲတော့ ပစ်တဲ့ခတ်တဲ့ နေရာမှာ ဒီပစ္စည်းတွေ ပါလာတယ်ဆိုတာတွေ ဖြစ်ကုန်တာပဲ”

MFF အနေနဲ့ မြန်မာနေရှင်နယ်လိဂ်က ကလပ်တွေကို AFC Cup ဝင်ပြိုင်နိုင်အောင် ကြိုးပမ်းနေတယ်။ နောက်ပြီး မကြာခင်မှာ ၂ဝ၁၃ ဆီးဂိမ်းစ် မြန်မာပြည်မှာ ကျင်းပတော့မယ်ဆိုတော့ မြန်မာ၊အိုမန် ပွဲပျက် ခဲ့တဲ့ ကိစ္စဟာ အဲဒီနှစ်ခုအပေါ် ရိုက်ခတ်မှု ရှိနိုင်မလားခင်ဗျ။

“ဆီးဂိမ်းစ်ကတော့ မဆိုင်ပါဘူး။ အကုန်လုံးက အဲ့လို ပြောနေကြတယ်။ ဆီးဂိမ်းစ်ဆိုတာ အားကစားနည်းပေါင်း ၃ဝ၊ ၄ဝ ပါ တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ။ နိုင်ငံတော် အစိုးရက တိုက်ရိုက် ကြီးမှူးကျင်းပမှာ။ ဒါက နိုင်ငံတကာ အိုလံပစ်ကော်မတီက လုပ်တဲ့ကိစ္စ။ ဖီဖာနဲ့ဘာမှ မဆိုင်ပါဘူး”

“ ခုနပြောတဲ့ AFC ဝင်ခွင့်အတွက် ကျတော့ ဒီလိုအနေအထားတွေ များများရှိလာရင် မကောင်းဘူးပေါ့ဗျာ။ ဒီဟာလေး တခုနဲ့တော့ အနှောင့်အယှက် မဖြစ်ပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်ပါများလာရင် ပရိသတ်တွေလည်း မဆင်ခြင်ဘူး၊ ချစ်လွန်း တဲ့စိတ်ကလွဲပြီး ဘာမှ မမြင်တော့ဘူး၊ မူးရူးပြီး ဘာမှမမြင်တော့ဘူးဆိုရင် ကျနော်တို့
ရှေ့လျှောက်သွားမယ့် လမ်းကြောင်းက နှေးကွေးနေမှာပဲ”

ပွဲပျက်ခဲ့တဲ့အပေါ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အတော်လေး စိတ်ပျက်နေတယ် ကြားမိတယ်။

“ဘယ်သူမဆို ကိုယ်လုပ်လိုက်တဲ့ အရာတခု မအောင်မြင်တဲ့ အခါမျိုးကျရင် စိတ်မကောင်းဖြစ်တာ စိတ်ပျက်တာတွေ ရှိတတ် တာပါပဲ။ ဥက္ကဋ္ဌလည်း ဒီပွဲပျက်သွားလို့ အတော်လေး စိတ်မကောင်းဖြစ်နေပါတယ်”

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကနေ ဦးဇော်ဇော် နှုတ်ထွက်တော့မယ်လို့လည်း ကြားပါတယ်။ ဟုတ်ပါသလား။

“ဥက္ကဋ္ဌ ဦးဇော်ဇော် နှုတ်ထွက်တော့မယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဥက္ကဋ္ဌဟာ ဒီလို လွယ်လွယ်ကူကူ အလျော့ပေး၊ အရှုံးပေးတတ်တဲ့လူ မဟုတ်ပါဘူး။ မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် သူဆက်လုပ်နေဦးမှာပါ”

နောက်နောင် မြန်မာပြည်မှာ လက်ခံကျင်းပမယ့် အိမ်ကွင်း ပွဲစဉ်တွေမှာ ပြီးခဲ့တဲ့ မြန်မာ - အိုမန်ပွဲလို မဖြစ်ရအောင် ဘယ်လိုစီစဉ်သင့်လဲ။

“ကျနော် ဥပမာတခု ပြောရရင် ခင်ဗျားအိမ်ကို သူခိုးတက်ခိုးတာ ခံလိုက်ရတယ် ထားလိုက်။ အဲသလို သူခိုး အခိုးခံရတယ်ဆိုရင် နောက်တခါ အခိုးမခံရအောင် အိမ်တံခါးတွေ ခိုင်အောင် လုပ်တော့မယ်။ သတိဝိရီယ ထားတော့မယ်။ အဲသလိုပါပဲ။ နောက်နောင် မြန်မာ အိမ်ကွင်းပွဲတွေကျရင် မူးတဲ့လူ အရက်စော်နံတဲ့လူ ကွင်းထဲ ဝင်လို့မရအောင် လုပ်မယ်။ ပွဲကို အလကား ကြည့်ခွင့် မပေး တော့ဘူး။ လက်နက်တွေ ကိရိယာတွေ ကွင်းထဲမပါအောင် လုပ်မယ်။ တကယ်လို့ ဆိုးသွမ်းတဲ့ ရမ်းကားတဲ့ ပရိသတ်ရှိခဲ့ရင် အရေးယူ အပြစ်ပေးနိုင်အောင် စီစဉ်သွားဖို့ ရှိပါတယ်”

မြန်မာ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီပွဲမှာ ဆိုးသွမ်းခဲ့တဲ့ ပရိသတ် တွေအပေါ် ဘယ်လိုသဘောထားလဲ။

“ကျနော်တို့ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ပရိသတ်တွေကို မမုန်းပါဘူး။ ဥက္ကဋ္ဌ ဦးဇော်ဇော်လည်း မမုန်းပါဘူး။ ဥပမာ ပေးရရင် ပရိသတ်ဆိုတာ ကျနော်တို့ သားသမီးတွေပါပဲ။ သားသမီးထဲမှာ ဆိုးတာလဲ ရှိမယ်။ ကောင်းတာလဲ ရှိမယ်။ ဒါပေမယ့် မိဘက ကျောင်းထားပြီး စာလည်းမကျက်၊ ဆိုးပေနေတဲ့ သားသမီးကိုတော့ လိမ္မာသွားအောင် ရိုက်နှက် ဆုံးမသင့်တာမျိုးတွေ ရှိပါတယ်။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို မရိုက်ချင်ပါဘူး။ ဒါက ဥပမာ ပေးတာပါ”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့