Monday, August 8, 2011

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

August 8, 2011

ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အပြုသဘောဆိုရင် ပြည်တွင်းစစ်ဟာ မုချ ဖယ်ရှားပစ်ရမယ့် အဖျက်သဘော ဖြစ်တယ်။

အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့်ဖြစ်ခဲ့ရသလဲ။ ဘာကြောင့် ရာစုနှစ်တ၀က်ကျော် ရှည်ကြာနေရ သလဲ။

အပြုသဘောငြိမ်းချမ်းရေးကို အုပ်စိုးသူအဆက်ဆက်က ဘာကြောင့် မတည်ဆောက်ခဲ့ကြသလဲ။ ဘယ်သူတွေကသာ အမှန် တကယ်တည်ဆောက်နိုင်မလဲ။ ဘယ်လိုနည်းနဲ့ တည်ဆောက်နိုင်မလဲ။


တိုင်းပြည်အကျိုးအတွက် ဒီမေးခွန်းတွေကို တတ်စွမ်းသမျှ ကြိုးစားဖြေကြည့်ချင်တယ်။

ပြည်တွင်းစစ်ရဲ့အတွင်းသဘောထဲမှာ ဒီမိုကရေစီရေးပြဿနာ၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေး ပြဿနာဆိုတဲ့ အရင်းခံပြဿနာကြီး ၂ ရပ်ကိန်းအောင်းနေတာတွေ့ရတယ်။ အဲဒီမူဆိုင်ရာ အရင်းခံပြဿနာကြီး ၂ ရပ်ဟာ ပင်မအကြောင်းတရားဖြစ်ပြီး ပြည်တွင်းစစ်ဟာ နောက်ဆက်တွဲအကျိုးတရားဖြစ်တယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ အာဏာရလာတဲ့ ဖ.ဆ.ပ.လ ပါလီမန်ဒီမိုကရေစီအစိုးရဟာ (ဒီမိုကရေစီ အစိုးရဖြစ် တဲ့ တိုင်း) ပြည်သူတွေ့ရဲ အခြေခံဒီမိုကရေစီရပိုင်ခွင့်၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေး ဆို တဲ့အခြေခံမူ ၂ ရပ်ကို အပြည့်အ၀အာမခံဖို့ ပျက်ကွက်ခဲ့တယ်။ အဲဒီအခြေခံမူဆိုင်ရာပြဿနာကြီး ၂ ရပ်ကို ဥပဒေတွင်း မှာ ငြိမ်းချမ်းစွာ ဖြေရှင်းခွင့် မရတဲ့အခါ ဥပဒေနည်းအရ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းရေးဆီသို့ ကူးပြောင်းသွားရတာ ဖြစ်တယ်။ ဒါဟာ အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းရဲ့လိုရင်း အဖြေပဲ။

ပြည်တွင်းစစ် ဘာကြောင့် ရှည်ကြာနေရသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို အုပ်စိုးသူအဆက်ဆက်က ဘာကြောင့် မ တည်ဆောက်ခဲ့ကြသလဲ။
ဖဆလ အစိုးရဟာ ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တန်းတူရည် တူ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို ကျင့်သုံးရမယ့်အစား အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ တလျှောက်လုံးကိုင်စွဲ ခဲ့တယ်။ ဘာကြောင့် ဒီလိုကျင့်သုံးရသလဲ။ ဘာကြောင့် ဒီလိုကျင့်သုံးရသလဲ။ ဖ.ဆ.ပ.လ အတွင်းနဲ့ တပ်မတော်အတွင်း က လက်ျာ အစွန်းရောက်ဂိုဏ်းသားတွေက ကွန်မြူနစ်ပါတီကို ဥပဒေတွင်းမှာ တည်ရှိခွင့် မပေးလိုတာ၊ လူမျိုးတိုင်းတန်း တူသွေးစည်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စု မတည်ဆောက်ချင်တာတို့ကြောင့် ဖြစ်တယ်။

လက်တွေ့မှာ ပြည်တွင်းစစ်ကို အပြုတ်မတိုက်နိုင်ဘဲ ရေရှည်လာတဲ့အခါ စစ်တပ်ရဲ့အခန်းဝင်မှု၊ စစ်တပ်ကို အမိန့်ပေးနိုင် တဲ့ စစ်ခေါင်းဆောင်တွေရဲ့ အခန်းဝင်မှုဟာ တနေ့တခြားကြီးမားလာတယ်။ နိုင်ငံရေးရဲ့အခန်းဝင်မှု၊ နိုင်ငံရေးခေါင်း ဆောင်များရဲ့ အရေးပါမှုဟာ တနေ့တခြားမှေးမှိန်လာတယ်။ နိုင်ငံရေးအရ ရှေ့ဆောင်မှုကို စစ်တပ်ကလိုက် နာရမယ့် အစား စစ်တပ် ရဲ့ အကြပ်ကိုင်မှုကို နိုင်ငံရေးအာဏာရအစိုးရက ငုံ့ခံရတဲ့အခြေအနေ ဖြစ်လာတယ်။

စစ်တပ်အတွင်းမှာ စစ်အုပ်စုဖြစ်တည်လာပြီး အရပ်သားအစိုးရထံက အာဏာကိုလုယူတဲ့အထိ ဖြစ်လာခဲ့တယ်။ (ပထစ အစိုးရ ထံမှ ဗိုလ်နေ၀င်းစစ်အစိုးရက အာဏာသိမ်းခြင်း)။ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအောက်မှာ နိုင် ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ တပ်မတော်ဟာလဲ စစ်အုပ်စုရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရတယ်။ နိုင်ငံတော်နဲ့ ပြည်သူများအပေါ် သစ္စာစောင့်သိဖို့ တာဝန်ရှိတဲ့တပ်မတော်ဟာ စစ်အုပ်စုလက်တဆုပ်စာရဲ့ ဘက်စုံအကျိုးစီး ပွားကို ကာကွယ်စောင့်ရှောက်ရတဲ့ စစ်အုပ်စုပိုင်တပ်ဘ၀သို့ ကျရောက်ခဲ့ရတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ် ချုပ်ရေး အာဏာသုံးရပ်ဟာ စစ်အုပ်စုနံပတ်တစ်ရဲ့ ဥပဒေကဲ့သို့အာဏာတည်တယ်ဆိုတဲ့ နှုတ်မိန့်တွေနဲ့ အစားထိုးခံ လိုက်ရတယ်။

အာဏာလုတက်လာတဲ့ စစ်အစိုးဟာ ပြည်တွင်းစစ်အပြုတ်တိုက်ရေးမူကိုသာ ဆက်လက်ကျင့်သုံးလာတယ်။ တဆင့်တိုး နက်ရှိုင်းလာတဲ့ ပြည်တွင်းစစ်က စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရ ဆိုတာတွေကို တည်တန့်ခိုင်မြဲအောင် အကြောင်း အချက်တွေ ဖန်တီးပေးတယ်။ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ အပြန်အလှန် အကျိုးပြုနေတဲ့ ခွဲလို့မရတဲ့ အနိဋ္ဌာရုံရဲ့ ဘက်နှစ်ဘက် ဖြစ်တယ်။ တခုမရှိရင် အခြားတခုမရှိနိုင်ဘူး။ ပြည်တွင်းစစ်ရှိနေ သမျှ စစ်အာဏာရှင်စနစ် သဏ္ဌာန်မျိုးစုံနဲ့ တည်ရှိနေမှာဖြစ်သလို စစ်အာဏာရှင်စနစ် တည်မြဲနေသမျှကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးလဲ ရနိုင်မှာမဟုတ်ဘူး။

ဒီအချက်ကနေ သိနိုင်တာက စစ်အာဏာရှင်စနစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ပြဒါးတလမ်း သံတလမ်း ဆိုတာပဲဖြစ် တယ်။ အတူယှဉ်တွဲ တည်ရှိနိုင်တာမျိုးမဟုတ်ဘူး ဆိုတာဘဲဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်နေမှ စစ်အာဏာရှင်စနစ် တည် မြဲနေ နိုင် တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်မယ့် ပြည်တွင်းငြိမ်းချမ်းရေးကို စစ်အုပ်စုအဆက်ဆက်က ငြင်း ပယ်ခဲ့တာပဲ ဖြစ်တယ်၊ ပြည်တွင်းစစ်သက်ဆိုးရှည်စေမယ့် အပြုတ်တိုက်ရေးလမ်းစဉ်ကို တလျှောက်လုံး ကျင့်သုံးနေ ကြတာပဲ ဖြစ်တယ်။

ဒီလိုဆိုရင် ၁၉၆၃ ခုနှစ်က ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာနဲ့ ၁၉၈၉ ခုက စခဲ့တဲ့ န၀တ စစ်အစိုးရရဲ့ “အပစ်အခတ်ရပ်စဲ၊ ဥပဒေဘောင်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်” ဆိုတာတွေဟာ ပြည်တွင်းငြိမ်း ချမ်းရေး တည်ဆောက်မှု ကြိုးပမ်းချက်တွေ မဟုတ်ဘူးလား? တခွန်းတည်းဖြေရရင် မဟုတ်ဘူး။ အဲဒါတွေဟာ တော်လှန်ရေး အင်အားစုတွေကို လက်နက်ချအညံ့ခံလာအောင် အပြုတ်တိုက်ရေးမူကို အခြားနည်းနဲ့ ဆက်လက်ကျင့် သုံးတာပဲ ဖြစ်တယ်။

ဒါကြောင့် ပြည်တွင်းစစ်သက်ဆိုးရှည်နေတာဟာ စစ်ပွဲကိုအရင်းအနှီးပြုပြီး နေ့ချင်းညချင်း ဇောတိကတွေဖြစ်လာတဲ့ စစ်အုပ်စု မင်းဆက် တည်မြဲနေလို့ပဲ ဖြစ်တယ်။ စစ်အုပ်စုမှန်သမျှဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်မယ့် ပြည်တွင်းစစ် ရပ်စဲ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်တော့မှ (ဘယ်တော့မှ) လုပ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ဘက်စုံအကျိုးစီးပွားနဲ့ တတပ်တည်းကျတဲ့ ပြည်တွင်းစစ်သက်ဆိုးရှည်ရေး အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ ဆက်လက်ကိုင် စွဲသွားမှာ ဖြစ် တယ်။

စစ်အုပ်စု အဆက်ဆက်ကိုင်ဆွဲထားတဲ့ ပြည်တွင်းစစ်အပြုတ်တိုက်ရေးလမ်းစဉ်ရဲ့ တကယ့်အဓိပ္ပာယ်ဟာလဲ ဒီမိုကရေစီ ဆန့်ကျင် ရေး၊ လူမျိုးတိုင်းတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဆန့်ကျင်ရေးပဲ ဖြစ်တယ်၊ စစ်အာဏာ ရှင်စနစ် တည်မြဲရေး၊ လူမျိုး ကြီးဝါဒကျင့်သုံးပြီး တပြည်ထောင်စနစ် ကျင့်သုံးရေးသာ ဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအရ မသမာတဲ့ နည်းပေါင်းစုံသုံးပြီး အာဏာရလာတဲ့ သိန်းစိန် အစိုးရဟာ လဲ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို လုပ်မှာမဟုတ်ဘူး။ သိန်းစိန်အစိုးရဟာ စစ်အုပ်စု က ကြိုးကိုင် ထားတဲ့ အရပ်ဝတ်ရုပ်သေးအစိုးရသာ ဖြစ်တယ်။ လက်တွေ့အရ သိန်းစိန်အစိုးရတက်လာပြီး မကြာမီမှာဘဲ အပစ်ရပ်ငြိမ်းအဖွဲ့ (KIA, SSA, DKBA) တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတယ်။ UWSA, NMSP လိုအဖွဲ့တွေနဲ့ လဲ တင်းမာမှု တွေဖြစ် နေတယ်။ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရဟာ ယခင်စစ်အစိုးရများ နည်းတူ တဖက်က စစ်ရေး အရတိုက်ပြီး ဖိအားပေး၊ တခြားတဖက်က လက်နက်ချငြိမ်းချမ်းရေးကို ကမ်းလှမ်းဆိုတဲ့ နည်းပရိယာယ်ကိုသာ ကျင့်သုံး မှာ ဖြစ်တယ်။

ဘာကြောင့်ဒီလို ယတိပြတ်ပြောရသလဲဆိုရင် စစ်မှန်တဲ့ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး ရဲ့ တကယ့်အဓိပ္ပာယ်နဲ့ လက်တွေ့လုပ်ငန်းတာဝန်ဟာ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ လူမျိုး တိုင်းတန်းတူ သွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဖြစ်နေလို့ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို သတ် သေရာကျမယ့် ပြည်တွင်း စစ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို စစ်အုပ်စုရဲ့ သိန်းစိန် အရပ်ဝတ် ရုပ် သေးအစိုးရက လုပ်မှာမဟုတ်လို့ ပြောရခြင်းဖြစ်တယ်။

ဒီလိုဆိုရင် စစ်မှန်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဘယ်သူတွေက လုပ်ကြရမလဲ? ဘယ်လိုလုပ်ကြမလဲ?။
အဖြေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပဲ။ ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတဲ့၊ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ လူမျိုးတိုင်းတန်းတူသွေးစည်းရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို တောင့်တတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို စည်းရုံး ပြီး ၀ဲ/ ယာ နိုင်ငံရေးအင်အားစုမှန်သမျှက စုပေါင်းခေါင်းဆောင် အကောင်အထည်ဖေါ်ကြရမှာပဲ ဖြစ်တယ်။ ပြည်တွင်းစစ် ကို မတိုက်လိုတဲ့ ကြည်း ရေ လေ တပ်မတော်တွင်းရှိ အရာရှိအရာခံ၊ အကြပ်တပ်သားတွေပါမကျန် စည်းရုံးရမယ်။ ပြည် တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမားလွှင့်ထူပြီး ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဖော်ထုတ်နိုင်အောင် ကြိုးပမ်းရမယ်။

သိန်းစိန် အရပ်ဝတ်ရုပ်သေးအစိုးရရဲ့ စစ်ရေးထိုးစစ်တွေကို ခုခံဆန့်ကျင်နေတဲ့ ငြိမ်းအဖွဲ့တွေရဲ့လက်နက် ကိုင်တိုက်ပွဲ တွေနဲ့ လူထုငြိမ်းချမ်းရေးတောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဟန်ချက်ညီ အပြန်အလှန်ပေါင်းစပ်နိုင် အောင်စီမံရမယ်။

လူမျိုးစုငြိမ်းအဖွဲ့တွေရဲ့ ဒေသန္တရလက္ခဏာ(တစိတ်တပိုင်းလက္ခဏာ) ဆောင်တဲ့ လက်နက်ကိုင်တိုက်ပွဲကို ဥပဒေတွင်း လူထု ငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ (လက်နက်ကိုင်တိုက်ပွဲနဲ့ အခြားတိုက်ပွဲသဏ္ဌာန်ပေါင်းစပ်ခြင်း) အပြန် အလှန်ပေါင်းစပ် ခြင်းဖြင့် တပြည်လုံးလက္ခဏာဆောင်တဲ့ လူထုတိုက်ပွဲကြီး အဖြစ်ပြောင်းပစ်ရမယ်။ ဒီနည်းနဲ့ တပ်မတော်တွင်းက ပြည် တွင်းစစ် ဆန့်ကျင် တဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးလိုလားတဲ့ တပ်မှူးကြီးငယ်၊ အကြပ်၊ တပ်သားတွေ ပြည်သူလူထုနဲ့အတူ ရပ်တည်လာနိုင်အောင် အခြေအနေတွေ ဖန်တီးရမယ်။

ဒီနည်းနဲ့ စစ်အုပ်စုရဲ့ အမိန့်ပေးဌာနဟောင်းအောက်က တပ်မတော်ရုန်းထွက်နိုင်ရေး၊ ပြည်သူ့ဘက်က ရပ်တည်တဲ့ တပ်မတော်အမိန့်ပေးဌာနသစ်တခု ပေါ်ထွန်းလာနိုင်ရေးအတွက် အချက်အလက်တွေဖန်တီးပေးရမယ်။

ဒီနည်းနဲ့ စစ်အုပ်စုနဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရကို အထီးကျန်ဖြစ်စေရမယ်။ ဒီနည်းနဲ့ တပြည်လုံး လက္ခဏာ ဆောင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလူထုတိုက်ပွဲကြီးကတဆင့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အ ထည်ဖော်ရေး၊ လူမျိုးတိုင်းတန်းတူရေးနဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့ အခြေခံပြဿနာကြီး ၂ ရပ်ကို အဆင့်ရှိစွာ ဖြေရှင်းအောင်မြင် နိုင် စရာရှိတယ်လို့ ယုံကြည်မိတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမားလွှင့်ထူကြ !

ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ လူမျိုးစုများရဲ့လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ကြ !

မြတ်နိုး

Ref: နေ့သစ်

0 comments:

အပေါ်သို့