Monday, November 12, 2012

ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့သောကြောင့်လူ ၂ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်

မင်းမင်းလတ်(မြစ်မခ)
12 Nov, 2012

၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁၁ )ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၇း၄၅) မိနစ်အချိန်ခန့်က အင်အားပြင်း မြေငလျှင်တစ်ခု မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းလှုပ်ခတ်ခဲ့ကြောင်း နေပြည်တော် မိုးလေ၀သဌာနက ထုတ်ပြန်ကြေ ငြာခဲ့သည်။

အဆိုပါလှုပ်ခတ်မှုသည် အင်အား (၆.၈)ရစ်ချတ်စတာစကေး ရှိခဲ့ပြီးရွှေဘိုမြို့နယ် ကျောက်မြောင်း တောင်ဖက် မလား ကျေးရွာသို့ဗဟိုပြုခဲ့ကြောင်း သိရှိရသည်။

မြေငလျှင်လှုပ်ခတ်မှုသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအချို့ရှိ မြို့နယ်များတွင် သက်ရောက် ခဲ့ပြီးရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ မိုးကုတ်မြို့နှင့်ကျောက်ဆည် မြို့များတွင် ပျက်ဆီးမှုများခဲ့ကြောင်း သိရှိရသည်။

"ရွှေဘိုမှာ ဆောက်လက်စသုံးထပ်တိုက်တစ်လုံးပြိုကျတာရှိတယ် အခြားအဆောက်အဦးတွေအက်သွား တာတို့ ဘာတို့ တော့ ဖြစ်တယ် ၊ အဲဒီဖက်မှာတော့ လူသေတာမရှိပါဘူး "ဟုရွှေဘိုမြို့နှင့်အဆက်အသွယ် ပြုလုပ်နေသူတစ်ဦးက ပြော သည်။

ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက် လမ်းလယ်ဘုရား အနည်းငယ်ပြိုကျခဲ့ကြောင်းသိရပြီး အဆောက်အဦးအချို့ အက်ကွဲမှု များလဲရှိခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ငလျှင်လှုပ်ခတ်မှုကြောင့် တောင်သမန်အင်းရှိပုထိုးတော်ကြီးမှ အရန်စိန်ဖူးတော်များ မြေခခဲ့ကြောင်း သိရပြီး အမရ ပူရမြို့နယ်မှ မင်္ဂလာစေတီနှင့် သာသနိကအဆောက်အဦးအချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

အခြားပျက်စီးမှုများအနေဖြင့် ဈေးချိုတော်အနီး မန်းမြန်မာပလာဇာတွင် အက်ကြောင်းများပေါ်ထွက်လာခြင်း ကြွေပြား များ ကွဲထွက်ခြင်း၊ ဈေးအတွင်းဖုန်လုံးများ ထွက်ပေါ်လာခြင်းကြောင့် ဈေးသူဈေးသားများ အလန့် တကြားဖြစ် ခဲ့ကြသည်။

"အမတို့ဆိုင်က မြေညီထပ်ထဲမှာ ဖွင့်ထားတာ၊ လှုတ်တဲ့အချိန်က အပြင်မှာရောက်နေတာ၊ အလုပ်သမား တွေပြေး လာတော့ ဆိုင်ပိတ်ခိုင်းလိုက်တယ်" ဟု မန်းမြန်မာပလာဇာ မြေအောက်ခန်းတွင်ဆိုင်ဖွင့်ထား သူတစ်ဦး ကပြော ကြားသည်။

ထို့အပြင် မန္တလေးမြို့ သံလျှက်မှော် အကွက်အမှတ် (၃၈၄)ရှိ နှစ်ထပ်တိုက်တစ်လုံး မြေကြီးအတွင်းသို့ (၂)ပေခန့် နစ်မြုပ် သွားခဲ့ပြီး၊ အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက် ၂၅လမ်းတွင် လူနေအိမ်တစ်လုံး အုတ်နံရံ များပွင့် ထွက်မှု ဖြစ်ခဲ့သည်။

မန္တလေးမြို့တွင် ယခုအကြိမ်ငလျင်သည် နှစ်ပေါင်း(၅၀)အတွင်း အပြင်းထန်ဆုံးဖြစ်သည်ဟု မြို့နေ အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

``အန်တီတို့ငယ်ငယ်တုန်းက တစ်လလုံးလှုပ်တာကြုံဖူးတယ် လမ်းပေါ်ထွက်ထိုင်နေရတာ၊ အဲဒါပြီးရင်တော့ ဒီနေ့ဟာ အတော်လေး ကြောက်စရာကောင်းတယ် ´´ဟု ၎င်းကပြောသည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ တစ်ဆင့် သိရရခြင်း ဖြစ်ပါသည်။

(၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင်ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။
(၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီးအုတ်တံ တိုင်းပေ ၃၀၀ ခန့် ပြိုကျ။
( ၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။
(၄) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။
(၅) ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ။
(၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။

(၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ။

(၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး(၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲမှာအုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ(၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။

(၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲ တို့မှာရေထဲသို့ ပြုတ်ကျပျောက်ဆုံးနေကြောင်းနှင့် တံတားတိုင်အမှတ် RF(1)မှသံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့်ရေယာဉ်နစ်မြုပ်ခဲ့။

(၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ်ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင် ဘုန်းကြီး (ဘွဲ့၊သက်တော်၊ ၀ါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့။

(၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး)စိန်ဖူးတော်သည် အလယ် ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။

(၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့်ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယ န္တာကျောင်းရှိ အောင်တော်မူဘုရားမှစိန်ဖူးတော် များမြေခခဲ့။

(၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့်အောင်ကျော်ဦး (၂၀)နှစ်၊သေဆုံးခဲ့။

(၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက်အုတ်နံရံ ပြိုကျ၊ ၁၃) ကြာညှပ် ရဲစခန်း ရိပ်သာကျောဘက်နှင့်စခန်းရုံးကျောဘက် နံရံ ပြိုကျ၊

(၁၅) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ

(၁၆)စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင်(ကာရံထားသည့် (၈)ပေ အမြင့်ရှိ အုတ်တံတိုင်း (၁၀)ခန်းပြိုကျ၊

ထို့ပြင် ငလျင်ဒဏ်ကြောင့် ကန့်ဘလူမြို့နယ်အတွင်လည်း ပျက်ဆီးမှုများရှိခဲ့သည်။

(၁) မလည်တိုက်နယ် အတွင်း တိုက်နယ်ဆေးရုံ လူနာဆောင် တစ်လုံးပြိုကျ၊မူလတန်းေ ကျာင်းဆောင် တစ်လုံး ပြိုကျ၊ ရှေး ဟောင်းစေတီ(၁၀)ဆူ ပြိုကျ၊ဘုန်းကြီး ကျောင်းဆောင်(၇)လုံး ပြိုကျ၊ အုတ်တံတိုင်း အမြောက်အမြား ပြိုကျ၊ ဓမ္မာရုံ(၂)လုံး ပြိုကျ၊ လူနေ တိုက်အိမ်(၂၀)လုံးပြိုကျ၊မလည် တိုက်နယ်ရဲစခန်း အုတ် တံတိုင်းပြို။

(၂) ရေရှင်ကျေးရွာ အတွင်း ဘုန်းကြီးကျောင်း စေတီ(၁)ဆူ ပြိုကျ။

(၃) ဇီးကုန်းကျေးရွာ အတွင်း ဆန်စက် မီးခိုးခေါင်းတိုင်ရှည် ပြိုကျ။

(၄) သပြေသာရွာ အတွင်း ရှေးဟောင်း ဘုန်းကြီးကျောင်း ဆောင်ပြိုကျပျက်စီး။

(၅) ထန်းတပင်ရွာ အတွင်း ရွာလည်ဘုရားစေတီ ထီးတော်မြေခခဲ့ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့