Friday, November 16, 2012

အန္တရာယ်ကိုထွေးပွေ့နေရတဲ့ ချင်းတွင်းမြစ်ဝှမ်း”

ဒေါက်တာစိန်စိန်သိန်း
16 Nov, 2012

ကမ္ဘာပေါ်တွင် အသေချာဆုံးတစ်ခုမှာ " ပြောင်းလဲခြင်းဖြစ်စဉ်" ဖြစ်သည်မှာ တရုတ်စကားပုံ ဖြစ်မည် ထင်သည်။ ပြောင်းလဲခြင်း ဖြစ်စဉ်တို့ကသာ သေချာသည့်သဘော ဖြစ်ပေလိမ့်မည်။ ကျွန်မမြေပုံတစ်ခုကို မြင်ခဲ့၍ ပုံတွင်းမှ အပြောင်းအလဲကို မြင်လိုက် ရခြင်း ဖြစ်သည်။ ဝေဟင်မှ လျှပ်စစ်သံလိုက် အလင်းလှိုင်းများနှင့် ပုံရိပ်ဖေါ်ခြင်း Remote Sensing method အရရိုက်ထားသော ပုံမှာ ပြောင်းလဲနေသော ချင်းတွင်းမြစ်ဝှမ်းကို မြင်ခဲ့ လိုက်ရပါသဖြင့် ၀မ်းနည်းကြေကွဲရပါ၏။ မြန်မာနိုင်ငံ၏ မြောက်ပိုင်းရှိ ဥရုမြစ်မှ မြစ်ဖျားခံကာဧရာဝတီသို့ ရေပို့ပေး၏။ ပို့ပေးစရာ ရေတို့က နည်းချေပြီ။

ကျွန်မမုံရွာသို့ ရောက်ခဲ့ဖူးသည်။ ဘုရားဖူးရန်တစ်ခေါက် မုံရွာတက္ကသိုလ်တွင် ကျမ်းစစ်ဆေးရန် တစ်ခေါက် ဖြစ်သည်။ ပထမအကြိမ် ရောက်စဉ်က ၁၉၉၅ ခုဖြစ်၏။ ဒုတိယအကြိမ်ရောက်ချိန်မှာ ၂၀၀၄ ဖြစ်ပါသည်။ ထို ၁၀ နှစ်အတွင်း မုံရွာရေမှတ်စခန်းမှ တိုင်းတာ ချက်အရ သိသိသာသာလျော့နည်းရာမှ လမ်းပန်း ဆက်သွယ်ရေး ပင် အခက်အခဲ ရှိလာနိုင်သည်ကိုတွေ့လာရပြီဖြစ်၏။ လက်ပံ တောင်းတောင် စီမံကိန်းမှ စွန့်ပစ်မည့် ပတ်ဝန်း ကျင်ညစ်ညမ်းစေသော ဓာတ်ငွေ့ဓာတ်ပေါင်းတို့ကလည်း တစ်မှောင့်။ ဤသည့်ထက် ပိုဆိုးဖို့သာရှိသည်။ ရာသီဥတုက ပူပြင်းမှု ပိုလာသည်။ မြေယာအသုံးပြုမှုစနစ်များကလည်း ပြောင်းလဲခြင်းဖြစ်စဉ် အတိုင်းမြစ်ရေ လျော့လာမှုကို မိုးတွင်းရေလှောင်ကန်များနှင့် ရေခွဲဝေစနစ်သုံးကာ ထိန်းသိမ်းရန်လိုသည်။ မိုးကလည်းနည်း အပူကလည်း မြင့် လာရာ ရေကိစ္စမှာအတော်ခက်ခဲနေပြီဖြစ်ပါ၏။ လက်ပံတောင်းတောင်၏အနီးမှာ ချင်းတွင်း သို့ ၀င်သော ချောင်းလက်တက်များ ရှိပါသည်။ ထိုချောင်းများမှ တစ်ဆင့် ရေဆိုးတို့ ချင်းတွင်းမြစ်ထဲသို့ မ၀င်ဘူးဟု မည်သူ ငြင်းမည်နည်း။ ထို့အတူမြစ်တို့တွင် မြစ်ပြင်ဘ၀မှ လယ်ကွင်းဖြစ်ကာ သောင်ထွန်း၍ မြစ်ဝကျွန်းက ပေါ်ထွန်းလာပြန်တော့ bridgehead ဟူသော မြစ်ကျော်ပိုင်နက် ပြဿနာများက တက် လာသည်။ နယ်နမိတ်ဖြစ်နိုင်သည့်နေရာတွင် တစ်ဘက်ကတိုးဝင်လာမည်စိုး၍ ပိုင်နက် နယ်မြေဟု သတ်မှတ်ထားသော နေရာဖြစ်ပါသည်။ မြစ်ကမ်းပါးတို့ ပြိုခြင်းကြောင့်လည်း မြစ်တို့ ဘ၀ပြောင်း နိုင်သလို၊ မိုးခေါင် သဖြင့်လည်း မြစ်တို့ဘ၀ခြားခဲ့ ရသည့် မြန်မာတွင် မိုးခေါင်ရေရှားအများဆုံး ဒေသမှာ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနှင့် မန္တလေးတိုင်းတို့မှ မြို့နယ် (၆၀) ပါဝင်သည်။ ချင်းတွင်းမြစ်ဝှမ်းက ခံနိုင်ရိုးလား ….။

မိုးခေါင်သောအခါ အပူလှိုင်းများကလည်း ကျရောက်လာသည် သီးနှံထွက်နှုန်းလျော့စေမည်ဖြစ်၏။ ရေကြောင်း ခရီးသွားလုပ်ငန်းကို အဟန့်အတားဖြစ်စေသည်။ မြေဆီလွှာတို့ တိုက်စားပြုန်းတီးကာ ပြည်သူများ နေရာ ရွှေ့ပြောင်းနှင့် ရေအရင်းအမြစ်ဆိုင်ရာ အငြင်း ပွားမှုများဆိုးသထက်ဆိုးလာမည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပေ လိမ့်မည်။ သောက်သုံးရေပြဿနာကတောင့်တလာ၏။ မိုးခေါင် သောရပ်ဝှမ်းတို့မှာ တဟုတ်ခြင်း ဖြစ်လာခဲ့ သည်မဟုတ် တရွေ့ရွေ့နှင့် ဆိုးဝါးလာရာကြိုတင်သိမြင်ကာကွယ်နိုင်ရန် အချိန်ရပါ၏။

ချင်းတွင်းမြစ်ဝှမ်းသားတို့ အစိမ်းရောင်စီးပွားရေးကို မမျှော်လင့်ရဲသေးခင်မှာ စက်ရုံများမှစွန့်ပစ်ရေဆိုးတို့ ၀င်ရောက်လာကြတော့ မည်မှာ အသေအချာဖြစ်ပါ၏။ ပိုးသတ်ဆေး ပေါင်းသက်ဆေးများ ပျော်ဝင်လာသော ရေသည် မြို့ကြီး (၇၀) နှင့် မြို့တော် (၂၉) ကိုဖြတ်စီးပြီးသကာလ ဂဂါင်္မြစ်ထဲသို့ဝင်သောအခါ လူတွေ သေကုန် ကြသည်။

ရေပြင် ညစ်ညမ်းမှုကြောင့် အာရှတိုက်တွင် နှစ်စဉ် လူဦးရေ (၅)သိန်းဝန်းကျင် သေလေ့ ရှိ၏။ ကမ္ဘာနှင့် ချီပြောရလျှင် (၁.၁) ဘီလျံသေခဲ့ကြသည်။ ချင်းတွင်းထဲ တိုးဝင်လာသည့်ရေမှာ ဘာတွေပါ သနည်း။ စမ်းသပ် ပေးကြရန် လိုပါသည်။ တရုတ်ပြည်တွင် Yellow River ဟုခေါ်သော မြစ်ဝါမြစ်ရေတို့ ခမ်းခြောက် လာခဲ့ရသည်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခဲ့ခြင်းဖြင့် စွန့်ပစ် ရေတို့ကြောင့် သဘာ၀၀န်းကျင်၊ မြေပေါ် မြေအောက်သယံဇာတများ ပျက်စီးကာ မြေအောက် ရေကြော ခြောက်ခမ်း လာရကာ ထိုမြေတို့ကန္တာရ ဖြစ်သွားကြတော့သည်။

ကျောက်မီးသွေးကို မီးဖြစ်စေရန် အသုံးပြုသည့် ပြဒါးသည် အဆိုးဆုံးဖြစ်၏။ ပြဒါးသည် မီးနှင့် ပေါင်း၍ အငွေ့ဖြစ်ကာ အက်ဆစ်မိုး အဖြစ်ပြန်လည်ကာ ရွာချလေတော့ရာ သစ်ပင်များ သေဆုံးရုံမက တောပြုန်းသွားပြီး စက်ရုံ၏ အပူချိန်ကလည်း ပိုမိုမြင့်တက်သွား ကာ အပူဓာတ်က မြေအောက်သို့ ရောက်ရှိသွား၍ ရေတို့ ခမ်း ခြောက်ခဲ့ကြရတော့သည်။ ကျောက်မီးသွေးစက်ရုံမှာ ရေဂါလံသန်း (၆၅၀)ကို သုံးစွဲပြီးမှ စွန့်ပစ်လေ့ရှိ၏။ ချင်းတွင်း အောက်မှာ ပြဒါးပါသောရေများ မစီးဆင်းဟု မည်သူက တာဝန်ယူပါမည်နည်း။

ချင်းတွင်းအောက်မှ ဧရာဝတီကိုရော မ၀င်ဘူးဟု မည်သူပြောမည်နည်း ငြင်း၍မရသော အရာများပေသိ ငြင်းကြဦးမည် ထင်ရပါသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့