Tuesday, November 13, 2012

ရန်ကုန်လေဆိပ် ၀န်ထမ်းများအတွက် လစာမဲ့ခွင့် (၅)နှစ်ပေးရန် အစီအစဉ်ရှိ

ဥာဏ်ဥာဏ် (မြစ်မခ)
13 Nov, 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကကဏ္ဍအဖြစ် ဆောင်ရွက်သည့်အခါ၌ လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၌ ၀င်ရောက်လုပ်ကိုင်လိုသည့် ၀န်ထမ်းများအား လစာမဲ့ခွင့်အဖြစ် (၅)နှစ်ပေးရန် စီစဉ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သိရှိရသည်။

ယခုကဲ့သို့ စီစဉ်ထားရာ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိဝန်ထမ်းများအနေဖြင့် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် ပုဂ္ဂလိကကုမ္ပဏီများမှ လစာ ရယူကာ (၅)နှစ် အလုပ်လုပ်ကိုင်ခွင့် ပြုခြင်းဖြစ်သည်။

“ဒီလို ပုဂ္ဂလိက ကုမ္ပဏီအတွက် တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေက အစိုးရ ၀န်ထမ်းများ အဖြစ် ဆက်လက် သတ် မှတ်ခြင်း ခံထားရမှာ ဖြစ်ပါတယ်။” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦက ပြောသည်။

လစာမဲ့ခွင့်(၅)နှစ်ပြည့်သည့်အခါ အစိုးရ၀န်ထမ်းတာဝန်အား ထမ်းဆောင်လိုခြင်း မရှိတော့ပဲ ကုမ္ပဏီဝန်ထမ်း အဖြစ်သာ တာဝန်ထမ်းဆောင် လိုပါကလည်း ခွင့်ပြုပေးနိုင်ရန် အတွက်ပါ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ပုဂ္ဂလိကကုမ္ပဏီများ၌ အဆိုပါ ၀န်ထမ်းများ၏ စွမ်းဆောင်မှုအပေါ်မူတည်၍ အမှုထမ်းမှ တဆင့် အရာထမ်းများ ဖြစ်လာနိုင် ကြောင်းကိုလည်း သိရှိရသည်။

“ဒီလို လစာမဲ့ခွင့်နဲ့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်မှာတော့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိတဲ့ ၀န်ထမ်း တွေ အတွက်သာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။

အထက်ပါဆောင်ရွက်ချက်များအား ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ ထံသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်နှင့် ခွင့်ပြုချက် ရရှိလာပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပုဂ္ဂလိကမှ ၀င်ရောက်လုပ် ကိုင်သည့်အခါ လုပ်ငန်းများအစီအစဉ်တကျဖြစ်စေရေးနှင့် လိုအပ်သည့် စည်းကမ်းချက်များ၊ ထုတ်ပြန်ချက် များအား ရေးဆွဲပြု စုလျက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိက လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူလျှက်ရှိကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဋ္ဌာနမှ သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့