Monday, November 12, 2012

ပုဂံရှေးဟောင်းနယ်မြေအား အပိုင်းလိုက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်

ငြိမ်းချမ်း(မြစ်မခ)
12 Nov, 2012

ပျူရှေးဟောင်းမြို့တော်သုံးမြို့ ပြီးနောက် ပုဂံယဉ်ကျေးမှုရှေးဟောင်းနယ်မြေကို အပိုင်းလိုက် ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း ပုဂံရှေးဟောင်း ဦးစီးဌာနထံက သိရှိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခုလုံးသို့ စာရင်းတင်သွင်းမည် မဟုတ်ပဲ ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိသည့် ဘုရားများကို ကန့်သတ်အပိုင်း လေးများ ခွဲ၍ စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း ဦးစီးဌာနထံက သိရှိရသည်။

“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို ကျွန်တော်တို့က ပုဂံတစ်ခုလုံး မတင်သွင်းပါဘူး၊ အနုပညာ လက်ရာတွေ ကျန်တဲ့ ဘုရားတွေကိုသာ အပိုင်းလေးများခွဲပြီး တင်သွင်းမှာပါ”ဟု ပုဂံရှေးဟောင်း ညွှန်ကြားရေးမှုး ဦးနိုင်ဝင်းက ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးမူမပြတ်အနှပညာလက်ရာများ ကျန်ရှိသောစေတီပုထိုးများမှာ အာနန္ဒာ၊ သဗ္ဗုညု၊ ဓမ္မရံကြီး၊ စူလာမဏ္ဏိနှင့် တရုတ်ပြေးဘုရားများစသည်တို့ဖြစ်ပြီး ထိုဘုရားစေတီများကို အပိုင်း များခွဲ၍ ကမ္ဘာ့ယဉ်ကျေးမူအမွေ အနှစ်စာရင်းဝင်ရန် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

၁၉၉၀ခုနှစ်နောက်ပိုင်းတွင်ပုဂံရှေးဟောင်းနယ်မြေအတွင်းတွင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကျန်ရှိရန်အတွက် အဆောက် အဦးသစ်များတည်ဆောက်ခွင့်မရှိကြောင်းရှေးဟောင်းဦးစီးဌာနကထုတ်ပြန်ထားသော်လည်း ခေတ်မှီအဆောက်အဦးသစ်များ တည်ဆောက်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါအဆောက်ဦးသစ်များမှာ ယခင်စစ်အစိုးရလက်ထက်(၁၉၉၈)နောက်ပိုင်းမှ သာတည်ဆောက်ထားခြင်း ဖြစ်ပြီး၊ ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်းရေးဥပဒေ ထွက်ပေါ်လာပြီးနောက် ၂၀၁၁ခုနှစ်မှသာ ရှေးဟောင်းကာကွယ်ရေး နည်း ဥပဒေထွက်ပေါ်လာကြောင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း၌ နန်းမြင့်မျှော်စင်၊နန်းတော်ရာအဆောက်အဦး၊ ဟိုတယ်များ၊ စားသောက်ဆိုင် စသည့်အဆောက် အဦးသစ်များ တည်ဆောက်ထားမှုကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် အတွက် ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

“ပုဂံသားတစ်ယောက်အနေနဲ့ ဒီအဆောက်အဦးတွေကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်း မ၀င်မှာကို စိုးရိမ်တယ်၊ ဘုရားတွေကြားမှာ ဒီဟာတွေ လာဆောက်တာ မဖြစ်သင့်ပါဘူး”ဟု ဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။

ပုဂံနန်းမြင့်မျော်စင်အဆောက်အဦးသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန်အတွက် ထိခိုက်နိုင်ကြောင်းနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းမှုအား ၂၀၁၄ခုနှစ် နောက်ပိုင်းမှသာ UNESCO သို့ တင်သွင်းမည် ဖြစ်ကြောင်းကိုလည်း ပုဂံရှေးဟောင်းညွှန်ကြားရေးမှုး ကိုနိုင်ဝင်းထံက သိရသည်။

လက်ရှိတွင် ပျူရှေးဟောင်းမြို့တော်သုံးမြို့ကိုလည်း UNESCO ( United Nations Educational, Scientific and Cultural Organization) သို့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း မူကြမ်း တင်သွင်းပြီးဖြစ်ကြောင်းနှင့် အချော တင်သွင်းရန် ပြင်ဆင်နေကြောင်းနှင့် အဆိုပါကိစ္စကိုလည်း ၂၀၁၄ခုနှစ်တွင် အသိအမှတ်ပြုလိမ့်မည်ဟု ခန့်မှန်းကြောင်းကိုလည်း ပုဂံရှေးဟောင်းညွှန်ကြားရေးမှုးက ဆိုသည်။

လက်ရှိတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော ပျူရှေးဟောင်းမြို့တော်သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေ ခေတ္တာရာမြို့များအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်း နေပြီဖြစ်ကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

“အဓိကတော့(Sour)လို့ခေါ်တဲ့ ကမ္ဘာမှာဒီတစ်ခုတဲ့ပဲရှိတဲ့ အများနဲ့မတူတဲ့ ထူးခြားမှုရှိရမယ်”ဆိုတော့ အဲ့ဒီ အချက်အလက် ပါအောင်ကြိုးစားရမယ်၊ ရှေးဟောင်းပစ္စည်းမှ ရယ်လို့ မဟုတ်ဘူး၊ သဘာဝ ပစ္စည်းပဲ ဖြစ်ဖြစ် ဥပမာအင်းလေးကန်လိုမျိုး ကမ္ဘာမှာတစ်ခုတည်းပဲရှိတဲ့ တောင်ပေါ်မှာရှိနေတဲ့ ရေကန်ကြီးလိုမျိုး ကိုယ့်ရဲ့ ထူးခြားထင်ရှားတဲ့ အဓိက လက္ခဏာသွင်ပြင်ကို တင်ပြနိုင်လို့ရှိရင် ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာ ပါနိုင်မယ်”ဟု UNESCO မှ နိုင်ငံတကာစီမံကိန်းအရာရှိ (National Project Officer)ဒေါ်ဥမ္မာမျိုးက ၂၀၁၂ခုနှစ် ဧပြီလ အတွင်းက ပြုလုပ်ခဲ့သည့် ပျူရှေးဟောင်း မြို့တော် သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း တင်သွင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့