Tuesday, November 13, 2012

အဆောက်အဦးသစ်ကိစ္စဆန္ဒထုတ်ဖော်မှုမှာ ၄င်းတို့နှင့်မဆိုင်ကြောင်း ပုဂံရှေးဟောင်းဌာနမှ ရှင်းလင်း

ငြိမ်းချမ်း(မြစ်မခ)
13 Nov, 2012

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အဦးသစ်များ တည်ဆောက်နေမှုအပေါ်ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ သော်လည်း ၄င်းအဆောက်အဦးများမှာ ယခင်စစ်အစိုးရလက်ထက်ကတည်းက တည်ဆောက် ခဲ့ခြင်းကြောင့် အချို့အကြောင်း အရာများမှာ ရှေးဟောင်းဌာနနှင့် သက်ဆိုင်ခြင်းမရှိသောကြောင့် လိုက်လျော မပေးနိုင်ကြောင်း ပုဂံရှေးဟောင်းဦးစီးဌာနထံက သိရသည်။

လက်ရှိပုဂံတွင် ဖြစ်ပွားနေသည့် ဆန္ဒထုတ်ဖော်မှုမှာ ရှေးဟောင်းဌာန အနေနှင့်တိုက်ရိုက် သက်ဆိုင်မှုမရှိပဲဌာန မူဝါဒစည်း မျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသောကြောင့် ရှေးဟောင်းဌာနအနေဖြင့် လိုက်လျောပေးနိုင်ခြင်း မရှိပဲ ရှေးဟောင်းဌာန မူဝါဒစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမှသာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိဖြစ်နေတာက အရင် စစ်အစိုးရလက်ထက်တုန်းက ဖြစ်ခဲ့တဲ့ဟာတွေ တစ်ချို့အကြောင်း တွေက ရှေးဟောင်းဌာနနဲ့ ကိုက်ညီမှု မရှိပါဘူး၊ဒါကြောင့်မို့ ဌာနအနေနှင့်လုပ်ဆောင် မပေးနိုင်တာပါ”ဟု ပုဂံ ရှေးဟောင်းဌာနညွှန်ကြားရေးမှုး ကိုနိုင်ဝင်းက ပြောသည်။

ပုဂံမြို့ဟောင်းအတွင်း ဗူးဘုရားအနီးရှိ ညဈေးတန်းအဆောက်အဦးသစ်များနှင့်ကဇာတ်ရုံတည်ဆောက်ထားရှိမှု သာ ရှေးဟောင်းဋ္ဌာန နှင့် သက်ဆိုင်သည့်အတွက် ဖျက်ဆီင်္းခိုင်းထားကြောင်းကိုလည်း သိရသည်။

၁၉၉၀ခုနှစ်က ပုဂံမြို့ဟောင်းအား ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ရန်အတွက် လူနေအိမ်များအား ဖယ်ရှားခဲ့ပြီး နောက်ပိုင်းတွင် ယခုလိုအဆောက်အဦးသစ်များ တည်ဆောက်နေမှုကြောင့် ယခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့တွင် ဒေသခံ ကိုမင်းနိုင် အောင်က ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းကိုလည်း သိရသည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ဌာနအနေဖြင့် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသောကြောင့် နိုဝင်ဘာလ(၁၀)ရက် နေ့၌ ရန်ကုန်မြို့ရှိ မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ပုဂံ၌ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်သွားရန် စီစဉ် ထားကြောင်းကိုလည်း သိရသည်။

“အဆောက်အဦးသစ်တွေကို တားဆီးမပေးမချင်း ကျွန်တော်တို့ကတော့ ဆက်လက်ဆန္ဒထုတ်ဖော်နေမှာပါ ၊ကျွန်တော်တို့ဒေသခံ တွေကြတော့ အိမ်တွေဖယ်ပေးရပြီး လုပ်ငန်းရှင်တွေကိုတော့ ၀င်ရောက်နေရာယူ နေတာကို ကျွန်တော်တို့ ဒေသခံတွေက မ ကျေနပ်ပါဘူး”ဟု ကိုမင်းနိုင်အောင်က ပြောသည်။

အောက်တိုဘာ(၂၂)ရက်နေ့ ပထမအကြိမ် အဆောက်အဦးသစ်ကိစ္စ ဆန္ဒထုတ်မှုမှာ ဒေသခံ ကိုမင်းနိုင်အောင်မှ တကိုယ်တော် ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး တစ်လပြည့်မြောက်သည့် နိုဝင်ဘာ(၂၂)ရက်နေ့ ဆန္ဒထုတ် ဖော်မှုမှာ ပုဂံရှေးဟောင်းနယ် မြေ ယဉ်ကျေးမှုထိမ်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဆောင်ကာ ပုဂံညောင်ဦးမြို့လုံးကျွတ်ဆန္ဒထုတ်ဖော်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းသည်လည်း ယခင်စစ်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်းယခုအရပ် သားအစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ကာ စီမံကိန်းအား ရပ်ဆိုင်းခဲ့ကြောင်း ပုဂံသားတို့က ထောက်ပြပြောဆိုကြသည်။

ယခုပုဂံယဉ်ကျေးမှုဇုံအတွင်း အဆောက်အအုံများတည်ဆောက်နေမှုကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ဆိုင်းပေစေလိုကြောင်း ကိုမင်းနိုင်အောင်က ထောက်ပြပြောဆိုသည်။

“အရင်အစိုးရ လက်ထက်က မို့လို့ မလုပ်ပေးနိုင်ဘူးဆိုတာတော့ မဖြစ်သင့်ပါဘူး။ မြစ်ဆုံကိစ္စကြီးတောင် ရပ်နားထားခဲ့နိုင် တာပဲ။ မြန်မာတစ်နိုင်ငံလုံးကရော၊ ကမ္ဘာကပါ လူသိများတဲ့ ပုဂံပြည်ကြီးကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ တောင်းဆိုတာကြ တာပါ” ဟု ပုဂံဒေသခံ ဦးတူးက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့