Friday, November 16, 2012

ဝိုင်းမော်စက်မှုဇုန်စီမံကိန်း မစမီကပင် တောင်သူများကန့်ကွက်

လုဆိုင်း- ကချင်ပြည်နယ် (မြစ်မခ)
15 Nov, 2012

ကချင်ပြည်နယ်အစိုးရမှ ဝိုင်းမော်မြို့နယ်၌ စက်မှုဇုန်မံကိန်းတည်ဆောက်ရန် အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ဒေသခံ တောင်သူများက နိုဝင်ဘာလ (၁၄) ရက်က နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ ကန့်ကွက်ရတဲ့အကြောင်းကတော့ စီမံကိန်းနေရာဟာ ဘိုးဘွားစဉ်ဆက်ကနေဒီနေ့အထိ စိုက်ပျိုးလုပ် ကိုင်နေ တဲ့မြေ ဖြစ်တယ်။ စိုက်ပျိုးမြေ မရှိလို့မရဘူး၊ မိသားစုအားလုံးက ဒီစိုက်ပျိုးရေးနဲ့ပဲ အမှီပြုပြီး လုပ်ကိုင်စားသောက်နေတာပါ။ မကန့်ကွက်လို့ မရပါဘူး”ဟု တောင်သူ ဦးအောင်ထွေးက ပြောသည်။

သမ္မတထံသို့ မေတ္တာရပ်ခံ ရင်ဖွင့်သောလူဦးရေမှာ တောင်သူလယ်သမား (၁၀၄၂) ဦးနှင့် လယ်ပိုင်ရှင်(၆၀) ဦးတို့ ပါဝင်သည်။

”ကျွန်တော်တို့ ပြည်နယ်အစိုးရဆီကို စာတင်ထားတာလည်း ဘာမှပြန်မဖြေဘူး။ မြေစာရင်းက နိုင်ဝင်ဘာလ(၄)ရက်နေ့ကလာ တိုင်းသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ မဖြစ်မနေ သမ္မထံကို မေတ္တာရပ်ခံစာတင်ရတာပါ ”ဟု တောင်သူ ဦးလအောင်က ပြောသည်။

ဝိုင်းမော်မြို့တွင် တည်ဆောက်မည့် ကုန်သွယ်နှင့်စက်မှုဇုန် စီမံကိန်းအတွက် ဧက (၅၀၀၀) ကျော်လျာထားပြီး ဧရိယာမှာ မြို့နှင့် (၂) မိုင်သာ ကွာဝေး၍ ဧရာဝတီမြစ်အနီးတွင်ဖြစ်သည်။

“ကျွန်မတို့ အစိုးရက စီမံကိန်းတွေလုပ်ဖို့ လျာထားတာ ကိုယ့်ပြည်နယ် တိုးတက်လာဖို့ပါ။ ခုက အလုပ်တောင် မစရသေးဘူး.. ဆန္ဒပြမယ်၊ မကျေနပ်ဘူး။ ဆိုတာတွေက ပြောနေကြပြီ။ ဘာမှတောင် မလုပ် ရသေးဘူး။ လုပ်ခဲ့ရင်လည်း ပြည်သူတွေ ကျေနပ် အောင် လျော်ကြေးတွေ ပေးပြီးလုပ်မှာပါ။ ဒီမြေယာ တွေမှာလည်း တကယ့် စိုက်ပျိုးရေး လုပ်ငန်းတွေ သိပ်မရှိပါဘူး။ ဒါက မြေလွတ် မြေရိုင်းတွေပါ။”ဟု ဝန်ကြီးဒေါ်ဘောက်ဂျာက ဆိုသည်။

အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံစက်မှုဇုန်မှာ မြို့ နှင့် မိုင်(၄၀) ကွာဝေးပြီး၊ ဂျပန်နိုင်ငံ စက်မှုဇုံမှာ မြို့နှင့်မိုင် (၃၅) အကွာတွင် ရှိကာ၊ တရုတ်နိုင်ငံ ခွန်းမြင့် စက်မှုဇုံမှာမြို့နှင့် (၂၇) မိုင်ဝေးကြောင်း ဒေသခံတို့က ထောက်ပြပြောဆိုကြသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့