Monday, November 12, 2012

ပုဂံရှေးဟောင်းနယ်မြေမှာ ဟိုတယ်တည်ဆောက်မှု ဒေသခံများ ထပ်မံ ကန့်ကွက်မည်

2012-11-10

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းမှာ ပုဂ္ဂလိကဟိုတယ်တွေ တည်ဆောက်နေတာတွေ ကို ဒေသခံတွေ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် အခုလ ၂၂ရက်နေ့မှာ ဒုတိယ အကြိမ်မြောက် ထပ်မံဆန္ဒပြသွားမယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထိန်း သိမ်းရေးအဖွဲ့က ရန်ကုန်မြို့ ကျောက်တံ တား မြို့နယ်မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။

ပုဂံဒေသခံတွေပြုလုပ်မယ့် ဒုတိယအကြိမ် ဆန္ဒပြပွဲမှာလူ ၃၀၀၀ကျော် ပါဝင်မှာဖြစ်ပြီး နိုင်ငံတကာကပါ သိရှိအောင် အင်္ဂလိပ် ဘာသာနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြသွားမယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ကိုမင်းနိုင်အောင်က ဆိုပါတယ်။

ပုဂံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးသန်းအောင်ကတော့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ဟိုတယ်တွေမှာ သစ်ပင် စိုက်ပျိုးဖို့မြေကြီးတွေကို တူးဆွလိုက်မယ်ဆိုရင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေ ထိခိုက်ပျက်စီးမှာကို ကန့်ကွက် ဆန္ဒပြမှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ယဉ်ကျေးမှုနယ်မြေအတွင်းမှာရှိတဲ့ ဘုရားတွေကိုအထပ်ကငုံပြီး ဆောက်ခွင့်ပေးတာ ရှေးဟောင်း လက်ရာ တွေကို ကွယ်ပြီး တည်ဆောက်တာတွေဟာမဖြစ်သင့်ဘူးလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ပုဂံဒေသခံ ဦးရဲမြင့်ကလည်း ဒီသတင်း စာရှင်းလင်းပွဲမှာပြောပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဆောက်လက်စ ဟိုတယ် ၁၀လုံးနဲ့ စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ ကာရာ အိုကေခန်းတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့