Monday, November 12, 2012

မိုးထိမိုးမိရွှေလုပ်သားများ ပဲခူးတိုင်းဒေသကြီး တပ်ဦးကျောင်းသို့ ရောက်ရှိနေ

ထက်အောင်ခန့် (မြစ်မခ)
10 Nov, 2012

ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်နေသည့် မိုးထိမိုးမိရွှေလုပ်သားများသည် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီးရှိ တပ်ဦးကျောင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်း တပ်ဦးကျောင်းမှာနားပြီး(၁)နာရီလောက် စတင် ထွက်မယ်။ ဒီညတော့ ပဲခူးက ဘုရားကြီး မှာအိပ်မှာပါ။” ဟု ရွှေလုပ်သားတစ်ဦးဖြစ်သူ ကိုနေအောင်ထွဋ်က ပြောသည်။

ရွှေလုပ်သားများသည် နိုဝင်ဘာလ (၈)ရက်နေ့၊ နေ့လည်(၁)နာရီတွင် ရန်ကုန်ရှိ အမျိုးကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့မှ နေပြည်တော် အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာန သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော် ပြနေခြင်းဖြစ်သည်။ ၎င်းလုပ်သားများသည် နေပြည်တော်သတ္တုတွင်းဝန်ကြီးဌာနမှ မိုးထိမိုးမိဒေသသို့ ဆက်လက် လမ်းလျှောက် ဆန္ဒဖော်မည်ဖြစ်ကြောင်း သိရသည်။

ရွှေလုပ်သားများအနေဖြင့် နေပြည်တော်သို့လမ်းလျှောက်ချီတက်သည့်ခရီးစဉ်တွင် သက်ဆိုင်ရာမှ တရားစွဲဆိုမည် ဆိုပါက တရား ဥပဒေချိုးဖောက်သူကိုအရင်တရားစွဲဆိုမှ ရွှေလုပ်သားများလဲတရားစွဲဆိုခံမည်ဖြစ် ကြောင်း ရွှေလုပ်သား ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ တစ်ဦး ကိုလှိုင်မျိုးအောင်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ တကယ်တရားဥပဒေချိုးဖောက်နေတာဘယ်သူတွေလဲ တရားဥပေဒေ ချိုးဖောက် နေတဲ့ သူတွေကို အရင်တရားစွဲပေး၊ အဲ့လိုဆိုမှကျွန်တော်တို့လဲတရား အစွဲခံမယ်”ဟု ၎င်းက ဆိုသည်။

ရွှေလုပ်သားများအနေဖြင့်လည်း အမျိုးကြီးပွားတိုးတက်ရေးကုမ္ပဏီအား လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ညစ် နွမ်းခြင်းများ၊ သစ်တော်ပြုန်းတီးခြင်းများ၊ စာချုပ်ပါအချက်များကိုချိုးဖောက်သည့် အတွက် တရားစွဲ ဆိုရန်ပြင်ဆင်ထားကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပတီမှ ရွှေလုပ်သားများအား (၂၂)ယောက်တစ်ဖွဲ့၊ (၁၂) ယောက်အား ပုဒ်မ(၄) ခုဖြင့် တရားစွဲဆိုထားသည်။

“ကျွန်မတို့အနေနဲ့ဘာမှလုပ်ပေးစရာမလိုပါဘူး။ အခုလိုလမ်းလျှောက်တယ်ဆိုတာကလဲ သူတို့အခွင့်အရေးပဲလေ။ ဒီကတော့ ဘာမှလုပ်မပေးပါဘူး။ သူတို့ညှိနှိုင်းချင်ရင် ရမည်းသင်းမှာရှိတဲ့ညှိနှိုင်းတဲ့အဖွဲ့ရှိပါတယ်။”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်နဒီလွင်က ပြောသည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့အား အလုပ်သမားများဘ၀ ဆွဲကြိုး ချသောနေ့ဟု ရမည်းသင်း မိုးထိမိုးမိမှ ရွှေလုပ်သားများကသတ်မှတ်လိုက်ကြောင်း ရွှေလုပ်သားများထံမှ သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့