Tuesday, November 13, 2012

ရခိုင်လူငယ် နှစ်ဦးကို တာမွေ ရဲစခန်းတွင် ဥပဒေမဲ့ ရိုက်နှက် ထိုးကြိတ်

November 12, 2012
မင်းဆက်ခိုင်

နိုင်ငံရေး အကျဉ်းသားဟောင်း ရခိုင် လူငယ်တဦးနှင့် တခြား လူငယ် တစ်ဦးတို့ကို ရန်ကုန်တိုင်း တာမွေမြို့နယ် ရဲစခန်း အာဏာပိုင်များက ပြင်းပြင်းထန်ထန် ဥပဒေမဲ့ ရိုက်နှက် ထိုးကြိတ်ခဲ့ကြောင်း သတင်း ရရှိသည်။

ရိုက်နှက် ထိုးကြိတ်ခံခဲ့ရသူ နှစ်ဦးမှာ လွန်ခဲ့သော ဂျူလိုင်လ ၃ရက်နေ့က ဘားအံထောင်မှ လွှတ်မြောက် လာသူ ရခိုင်ကျောင်း သားလူငယ် ၁၁ဦးထဲမှ ကိုအောင်နိုင်ဆိုသူနှင့် ကိုနေထွန်းအောင် ဆိုသူတို့ ဖြစ်ကြသည်။

“ကျွန်တော်တို့မှာ အပြစ်ရှိတယ်ဆိုရင် ဥပဒေအရ အရေးယူပါ။ အခုတော့ လူမဆံစွာ ဥပဒေမဲ့ ၀ိုင်းပြီး ရိုက်နှက် ထိုးကြိတ် ပါတယ်။ တာမွေမြို့နယ် ရဲစခန်းက ခုလို ကျူးလွန်တာ ဖြစ်ပါတယ်။ တာမွေ ရဲစခန်း တာဝန်မှူးအပါအ၀င် ရဲတပ်သား ၈ဦးက မတရား ရိုက်နှက် ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ကိုအောင်နိုင်က ပြောသည်။

သူတို့ နှစ်ဦးသည် နိုဝင်္ဘာလ ၁၀ ရက် ည ၁၁နာရီခန့်တွင် တာမွေမြို့နယ် ကျောက်မြောင်းမှ လဘက်ရည်ဆိုင် တစ်ခုသို့ ဘောလုံးပွဲကြည့်ရန် သွားရောက်စဉ် လဘက်ရည်ဆိုင်ရှင်နှင့် စကားများရာမှ ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရိုက်နှက် ထိုးကြိတ်ခံရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ဆိုင်ရှင်နဲ့ ဘောပွဲ မပြရာကနေ စကားနည်းနည်းများတာနဲ့ ရဲကို သွားတိုင်တဲ့ အတွက် ရဲစခန်းကို ရောက်သွားခဲ့ပါတယ်။ ရဲစခန်းကို ရောက်တော့ တာဝန်မှူးက မင်းတို့ ဘာလုပ်လဲ၊ ဘယ်ကလဲ မေးပါတယ်။ ကျနော်တို့ကလဲ ရခိုင်က ကျောင်းသား တွေပါ။ ကျနော်သူငယ်ချင်းက သဘောင်္တက်ဖို့ လုပ်နေတာပါလို့ ပြောပါတယ်။ အဲဒီတာဝန်မှူးကလည်း ငါလည်းဘွဲ့ရ ရဲအရာရှိ ဘဲကွလို့ ပြန်ပြောပါတယ်။ ကျနော်တို့ကလည်း ဘွဲ့ရ အရာရှိဆိုတာ ကျနော်တို့နဲ့မဆိုင်ဘူး။ အခုကိစ္စက ကျနော် မတရားလုပ်တာ မဟုတ်ဘူးလို့ပြောတော့ ကျနော်တို့ကို စ ရိုက်ပါတယ်။ ကျနော့်ကို နိုင်ငံရေးအကျဉ်းသားဟောင်းမှန်း သိတော့ ပိုပြီး ရိုက်ပါ တယ်” ဟုပြောသည်။

တာဝန်ကျရဲအရာရှိအပါအ၀င် ရဲတပ်သားများ ၀ိုင်းရိုက်မှုကြောင့် ကိုအောင်နိုင်မှာ ကျောကုန်းတွင် ဒဏ်ရာ ရရှိခဲ့ ပြီး ကိုနေ အောင်ထွန်းတွင် မျက်လုံးအောက်၊ နှုတ်ခမ်းနှင့် နားရွက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။

သူတို့ နှစ်ဦးအား တညချုပ်နှောင်ထားခဲ့ပြီး နောက်တရက်နေ့ ညနေပိုင်းအချိန်တွင် အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

သို့သော်လည်း နိုဝင်္ဘာလ ၁၂ရက်နေ့ နံနက် ၁၀နာရီ တွင် စခန်းသို့ လာရောက်ရန် ၎င်းတို့အား မှာကြားလိုက်ကြောင်း ကိုနေအောင်ထွန်းက ပြောသည်။

“ မနက် ၁၀နာရီမှာ စခန်းကို လာဖို့ခေါ်ထားပါတယ်။ အဲဒီက တဆင့် တရားရုံးကို သွားရမယ်ထင် ပါတယ်။ သူတို့တရားစွဲ မယ့် ပုံရပါတယ်” ဟု ဆိုသည်။

ယခုကိစ္စမှာ မတရား ရိုက်နှက်ခံမှုအား လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိကြောင်းနှင့် ရန်ကုန်တိုင်း ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီ ဦးဇော်အေးမောင်အားလည်း အသိပေး တိုင်ကြားထားကြောင်း ကိုအောင်နိုင်က ပြောသည်။

ကိုအောင်နိုင်မှာ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ပအခြေစိုက် AASYC အဖွဲ့နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲခံရပြီး တခြား ရခိုင်ကျောင်းသား လူငယ် ၁၀ဦးနှင့်အတူ ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့