Tuesday, November 13, 2012

လူခြောက်သောင်းကျော်မှ Samsumg Galaxy mini ကံထူးရှင်(၈၀) ပေါ်ထွက်

ထက်အောင်ခန့် (မြစ်မခ)
12 Nov, 2012

ရန်ကုန်ရှိ လူကြီးမင်းဖုန်းဆိုင်(၇)ဆိုင်မှာ Samsumg Galaxy mini အမျိုးအစား ဟမ်းဆက် အလုံးရေ ၈၀ အား နိုဝင်ဘာ ၁၂ ရက်နေ့က မဲဖောက်ပေးခဲ့သည်။

ယခုအစီအစဉ်မှာ နိုဝင်ဘာ (၃)ရက်နေ့တွင် အစီအစဉ် ဖျက်သိမ်းခဲ့သောကြောင့် လူကြီးမင်းဖုန်း ဆိုင်အား လိမ်လည်သည်ဟု သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မီဒီယာအရှေ့တွင် မဲဖောက်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ဝယ်ယူသူတွေကို အမှန်တကယ် မဲဖောက်ပေးချင်တာပါ။ ယခုလိုမဲပေါက်တဲ့သူတွေ ကိုလည်း ဖုန်းဆက် အကြောင်း ကြားပေးမှာပါ။ ဆိုင်ရှေ့တွေမှာလဲ ကြော်ငြာစာရွက်တွေနဲ့ ကပ်ထား ပေးမှာပါ” ဟု လူကြီးမင်းဖုန်းဆိုင်မှ ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်က ပြောသည်။

မဲဖောက်ပေးရာ၌အင်းစိန်မြို့နယ်ရှိ ဖော့ကန်ဆိုင်တွင် မဲပေါက်သူနှစ်ဦးတွင် တစ်ဦးမှာ မှတ်ပုံတင်ဖြည့်သွင်း ရမည့်နေရာတွင် မှတ်ပုံတင်ပြုလုပ်ဆဲဟု ဖြည့်သွင်းထားပြီး၊ နောက်တစ်ဦးမှာ မှတ်ပုံတင်နံပါတ်မပီမသ ဖြည့်သွင်းထားသဖြင့် ထိုမဲပေါက်သူနှစ်ဦးအား ပယ်မဲအဖြစ်သတ်မှတ်ပြီး အစားထိုးပြန်လည်ဖြည့်စွက်မဲနှိုက်ပေးခဲ့သည်။

“လက်မှတ်တွေဖြည့်စွက်ရာမှာ ကိုယ်တိုင်ဖြည့်သွင်းရတာပါ။ အရမ်းခက်ခဲတဲ့သူတွေကိုပဲ ကျွန်တော်တို့ဆိုင်က ၀န်ထမ်းတွေ က ဖြည့်သွင်းပေးရတာပါ။ ဖြည့်သွင်းပေးပြီးရင်သူတို့ကို ကိုယ်တိုင် လက်မှတ်ထိုးခိုင်းတာပါ။ ကျွန်တော်တို့ဆိုင်က လူတွေကို မဖြည့် သွင်းခိုင်းပါဘူး”ဟု ကိုရန်နိုင်စိုးမြင့် ဆက်ပြောသည်။

ရန်ကုန်ရှိလူကြီးမင်းဖုန်းဆိုင် ၇ ဆိုင်တွင် ရရှိသည့် မဲအရေအတွက်ပေါင်း (၆၀၃၀၀)ပေါင်းရရှိပြီး ထိုမဲအရေ အတွက် ၆၀၃၀၀ ကျော်ထဲမှ ဖုန်းအလုံးပေါင်း (၈၀) အားမဲဖောက်ပေးခဲ့ခြင်းဖြစ်သည်။

Samsung Galaxy mini ဖုန်းများသည် ယခုလက်ရှိ ပေါက်ဈေးမှာ တစ်သိန်းကျော်အထက်ရှိပြီး လူကြီးမင်းဖုန်းဆိုင်သည် မဲပေါက်သူ များအား ကျပ် (၅) ထောင်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

လူကြီးမင်းဖုန်းဆိုင်များသည် နိုဝင်ဘာ ၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သောပြသာနာများကြောင့် ရန်ကုန်ရှိဆိုင်များအား တစ်ပါတ်ခန့်ပိတ် ထားခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်သောအခါ တွင် မဲပေါက်သူများအနေဖြင့် အဆိုပါ ဖုန်းများအား ကျပ်(၅)ထောင်ဖြင့် လာရောက်ဝယ်ယူနိုင်မည်ဖြစ်သည်။

Ref:

0 comments:

အပေါ်သို့