Tuesday, March 8, 2011

အပေး အယူ

လူရယ်လို့ သိတတ်တဲ့အရွယ်ထဲက အပေးအယူသဘောတွေကို စတင်မိတ်ဆက် ခဲ့ကြရပါတယ်။ ပြုံးတတ်တဲ့အရွယ်မှာ များများပြုံးတဲ့ကလေးက မပြုံးတဲ့ကလေးထက် ပိုလို့ချစ်ခင်ခံရပါတယ်။ ဒါပေမဲ့ ကိုယ်ပေးတဲ့အရာဟာ သူလက်ခံနိုင်တဲ့ အရာဖြစ်ဖို့ တော့ အရေးကြီးပါတယ်။

ကျမတို့ ငယ်စဉ်က ကျမတို့အဖေက ဆုပေးဒဏ်ပေး စနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးပါတယ်။ ကျမတို့အဖေက နေရာတခုကို အလည်ခေါ်မယ်ဆိုရင် သူ့စည်းကမ်းချက် တွေကို လိုက်နာမှ နောက်တချိန် ထပ်ခေါ်မယ်ဆိုတာမျိုးကစ လို့ စာမေးပွဲမှာ အဆင့်တက်လာအောင် လုပ်တာမျိုးအဆုံး အပေးအယူနဲ့လုပ်တော့ ကျမတို့ ငယ်စဉ်ဘ၀က အရိုက်မခံ ရသလောက်ပါပဲ။ ဒါပေမဲ့ အဖေက ကျမတို့ လိုချင်တဲ့အရာနဲ့ အပေးအယူလုပ်ခဲ့တော့ အဖေအောင်မြင်ခဲ့တာပါ။

၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို လျစ်လျူ မရှုခဲ့ရင်၊ ဇွန်လအရေးတော်ပုံ ဖြစ် လာဖို့ မသေချာပါဘူး။ ဇွန်လအရေးတော်ပုံသာ မဖြစ်ခဲ့ရင် ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်လာမယ်လို့ ဘယ်သူက ပြော နိုင်ခဲ့မှာလဲ။ အကယ်၍ ဗိုလ်ချုပ်နေ၀င်းဟာ တိုင်းပြည်တိုးတက်ဖို့ ကျိုးစားခဲ့မယ်ဆိုရင် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ် အရေးတော်ပုံတွေ ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ပြည်သူတွေလိုလားတာကို စောစောစီးစီးပေးခဲ့ရင် ကမ္ဘာက ပြစ်တင်ဝေဖန်တာကို ခံစရာ မလိုပါဘူး။

ပေးတဲ့လူနဲ့ ယူတဲ့လူ အသံတူဖို့တော့ လိုပါတယ်။ အပေးအယူလုပ်တယ်ဆိုတာ မှန်ကြည့် သလိုပါဘဲ။ တခါထဲတောင်း ဆို၊ တခါထဲ အခွင့်အရေးရတဲ့သူ ဆိုတာက မရှိနိုင်ပါဘူး။ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားရေးဝါဒ ရပ် တန့်သွားဖို့ အတွက် ၄၇ နှစ်ကြာမြင့်ခဲ့ပြီး မင်ဒဲလားက ထောင်ထဲမှာ ၂၆ နှစ်ကြာခဲ့ပါတယ်။ ဒီအတောအတွင်း (ANC) က ဘာတွေလုပ်ဆောင်ခဲ့ကြလဲ။ ဘာကြောင့် P.W.Botha က မင်ဒဲလားနဲ့ တွေ့ဆုံရပါသလဲ။ အေအင်စီက လက်နက်ကိုင် တိုက်ပွဲတွေ၊ လူထုတိုက်ပွဲ တွေကို အများအပြား ဆင်နွဲခဲ့ကြပါတယ်။ တကယ့်အကြပ်အတည်းက တောင်အာဖရိကနိုင်ငံ မှာ လူဦးရေတိုးပွားလာတာ၊ စီးပွားရေးမတည်ငြိမ်တာ၊ အလုပ်အကိုင် ရှားပါးတာ၊ ရောဂါဘယထူပြောတာတွေကြောင့် ပြည်သူအများစုက ဆင်းရဲဒုက္ခနဲ့ရင်ဆိုင် နေရပါတယ်။ ဒီကလပ်အစိုးရကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ကလဲ ရှိနေပါတယ်။

နိုင်ငံတကာက ဘာကြောင့်စီးပွားရေးပိတ်ဆို့တာလဲ၊ စီးပွားရေးပိတ်ဆို့တာက အုပ်ချုပ်တဲ့ လူတန်းစားရဲ့ လူ့အခွင့်ရေးချိုး ဖောက်မှု တွေ၊ အဂတိလိုက်စားမှုတွေ စတဲ့အပြစ်တွေအတွက် ဒဏ်ခတ်လိုက်တာဖြစ်ပြီး၊ လူ့အခွင့်အရေးလေးစားလိုက် နာရင် တဖြေးဖြေးဖွင့်ပေးတဲ့ နိုင်ငံတကာရဲ့ အပေးအယူပုံစံတခုဖြစ်ပါတယ်။ လေယာဉ်ပျံသန်းရာ လမ်းကြောင်းတွေကို ပါ ပိတ်ဆို့ထိန်းချုပ်ထားပါတယ်။ အတင်းကျပ်ဆုံး အခြေအနေအဖြစ် တောင်အာဖရိက နိုင်ငံကိုကိုယ်စားပြု အားကစား ပွဲတွေကိုပါ ပိတ်ဆို့ ထားလိုက်တာပါ။

မြန်မာပြည်ရဲ့ သမိုင်းတလျောက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့၊ အစိုးရတပ်တွေ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ ကြာပါပြီ။ ၁၉၉၀ ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လာပါတယ်။ ဒေသခံပြည်သူတွေကလည်း ကြိုဆိုကြ ပါတယ်။ ဒါပေမဲ့ န၀တနဲ့ သေချာတဲ့ သဘောတူညီမှုမရခဲ့ပါဘူး။ သေချာတဲ့ သဘောတူညီမှုအစား စီးပွားရေး လုပ်ပိုင်ခွင့် တွေပေးလိုက်လို့ တိုင်းရင်းသား အဖွဲ့တွေကြား သွေးကွဲခဲ့ရတဲ့ အဖြစ်အပျက်တွေလဲ မရေတွက်နိုင်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်လောက် လက်နက်ကိုင်တိုက်ပွဲ တွေမရှိခဲ့ပေမဲ့ တိုင်းရင်းသားအဖွဲ့တွေကိုအင်အားလျော့နည်းသွားအောင်တော့ ကျိုးပမ်းခဲ့ပါတယ်။ အခုတော့ မြန်မာပြည်တနံတလျားမှာ သေနတ်သံတွေက နေရာပြန်ယူနေပါပြီ။

နအဖ က အပေးအယူလုပ်တာ ကျွမ်းကျင်ပါတယ်။ အရှေ့တောင်အာရှကိုတော့ မက်လုံးပေးနိုင်ခဲ့ပါတယ်။ အရှေ့ တောင်အာရှ နိုင်ငံတွေကို သဘာဝအရင်းအမြစ်တွေ ဈေးပေါပေါနဲ့ ပေးလိုက်ပြီး အဲဒီနိုင်ငံတွေက ထောက်ခံမှုတွေကို ယူခဲ့လိုက်နိုင်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပေမဲ့ အ ရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကတော့ အရေးမယူနိုင်ခဲ့ပါဘူး။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က မစ္စတာဂန်ဘာရီကို အကြိမ်ကြိမ်စေလွတ်ခဲ့ပေမဲ့၊ တစုံတရာ ထူးခြားမှုမရှိခဲ့ပါဘူး။ ဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၃ ကြိမ်လောက်တွေ့ဆုံအပြီးမှာတော့ လမ်းမပေါ်မှာ လူတွေကို ပစ်သတ်ခဲ့တဲ့ ပုံရိပ်တွေ ပျောက်ကွယ်သွားတာကတော့ နိုင်ငံတကာက မြန်မာပြည်အပေါ်ထားတဲ့ သဘောထားလို့ မှတ်ချက် ချမိပါတယ်။

အီဂျစ်နိုင်ငံဟာလည်း အာဏာရှင် မူဘာရက် နှစ်ပေါင်း၃၀ကျော် အုပ်စိုးခဲ့ပါတယ်။ နိုင်ငံတွင်းက ပညာတတ်လူငယ်များ စွာဟာ အကြိမ်ကြိမ် ထောင်ကျခံနေရတာကို ပြင်ပ နိုင်ငံတွေက သတိမထားမိကြပါဘူး။ ၂၀၁၁ ဖေဖော်ဝါရီလမှာတော့ ဖေ့စ်ဘုတ်ကနေ တော်လှန်ရေးတခုကို စတင်ခဲ့ပါတယ်။ ပြည်သူတွေအားလုံးပါဝင်ပြီး သန်းနဲ့ချီတဲ့ လူတွေလမ်းမတွေ ပေါ်မှာ ချီတက်ဆန္ဒ ပြခဲ့ပါတယ်။ မူဘာရက် ပြုတ်ကြပြီးတဲ့နောက်တော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိ နိုင်းခဲ့နှိုင်ပါပြီ။

မူစလင်ကမ္ဘာမှာ ပထမဦးဆုံးစတင်ခဲ့တဲ့ တူနီးရှားနိုင်ငံမှာတော့ အာဏာရှင်သမ္မတ ဘင်အာလီက ထွက်ပြေးခဲ့ရပြီး ကြား ဖြတ် အစိုးရက ၆ လအတွင်းရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ဂတိရရှိထားပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ အောင်ပွဲ ဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကြောင့်လဲ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ချိန်ရောက်မှ ပြန်လည် အသက်ဝင်လာပါတယ်။ အီ ဂျစ် ဆန္ဒပြပွဲတွေမဖြစ်ခင်မှာဘဲ ဒေါ်အောင်ဆန်းစုကြည် က လူငယ်ကွန်ရက်တွေ ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ NLD ရဲ့ နိုင် ငံရေးလှုပ်ရှားမှု မြှင့်တင်ဖို့လဲ ပြောနေပါတယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက် ကြီးမားတဲ့ဖိအား ကတော့ ရှိကိုရှိရပါလိမ့်မယ်။ LSE (London School of Econo-mics) က ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာတော့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံလို သူတွေဟာ ပြည်သူလူထု ဖွံဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံ တယ်ဆိုရင်တော့ အဲဒီအတွေးအခေါ်ဟာ မှားယွင်းသွား မယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တဆုပ်စာ လူတန်းစားအတွက်ပဲ အကျိုးဖြစ်ထွန်းသွားမှာ မို့လို့ပါ။ ဒါ ပေမဲ့ ကိုယ်ကျိုးစီးပွားအတွက် ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ သူဘာမှ မပြောလိုပါဘူးလို့ ပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တွန်းလှန်တာဖြစ်ပြီး၊ မြန်မာ ပြည်ကတော့ အာဏာရှင်တွေကို အဖိနှိပ်ခံတွေက ဆန့်ကျင်တော်လှန်တာဖြစ်တယ်လို့ဆိုပါတယ်။ အာဏာလက်ဝယ် ထားရှိနေသူက သူ့ရဲ့အာဏာကို မစွန့်လွတ်ချင်လို့ အမျိုးတူလူတွေကို ထောင်ဒဏ်နှစ်ရှည်ချထား၊ လမ်းမတွေပေါ်မှာ ပစ်ခတ် သတ်ဖြတ်တာမျိုးတွေ လုပ်ခဲ့ပေမဲ့ ပြည်သူတွေက စစ်တပ်ကြီးတခုလုံးကို ဆန့်ကျင်တာမဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က အကြိမ်များစွာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဆန့်ကျင်တော်လှန်သူတွေ ညီညွတ်ရင်၊ အသံတသံထဲထွက်ရင်တော့ စစ်တပ်အတွင်းက အမှန်တရားမြတ်နိုးသူတွေ ဟာ ဆန့်ကျင်တော်လှန်သူတွေနဲ့ ပူးပေါင်းလာမှာပါ။ စစ်တပ် ကြီးက ပြည်သူလူထုဘက်ကို ရပ်လိုက်ရင်တော့ အာဏာ ရှင်ဟာ ဘာမှ လုပ်နိုင်တော့ မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေ ရောက်လာအောင်တော့ ဆန့်ကျင်တော်လှန်နေသူ တွေ က ပေးဆပ်ရမှာပါ။ ဒါမှ အမှန်တရားကို ရယူနိုင်မယ်မဟုတ်လား။

ကျမတို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ အများကြီးရှိပါတယ်။ အဲဒီရင်းနှီးမြုပ်နှုံမှုတွေဟာ ပြည်သူကို အကျိုးမပြုပါဘူး။ အခုအချိန်မှာ နော်ဝေအပါအ၀င် နိုင်ငံတချို့ ရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ဘ၀ဟာ ကုန်းကောက်စရာ မရှိ အောင် မွဲတေနေဆဲပါ။ အကျိုးအမြတ်ကို ခံစားနေသူတွေက လက်တဆုပ်စာ လူတွေပါ။ ဖိအားပေးတဲ့နေရာမှာ ပြည် တွင်း ပြည်ပ အားလုံးပါဝင်သင့်တယ်လို့ ထင်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ စစ်တပ်ရဲ့ အရည်အသွေးနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို သူမဆန့်ကျင်ဘူး။ စစ်တပ်ဆိုတာ နိုင်ငံအတွက် အရေးကြီးတယ်။ ဒါပေမဲ့ ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဖြစ်စေချင်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ဆို တာက စစ်အစိုးရကို ခုံရုံးတင်ဖို့မဟုတ်ဘဲ အဲဒီအဖွဲ့က စေ့စပ်ဆွေးနွေးရေးကို အထောက်အကူပြုနိုင်မယ်လို့သူက ယုံ ကြည်ပါတယ်။

စစ်တပ်ထဲမှာလဲ မညီမျှမှုတွေ ရှိနေပါတယ်။ အောက်ခြေအဆင့် တပ်သားတွေအပါအ၀င် ဗိုလ်မှူးအဆင့်လောက်အထိ က စားဝတ်နေရေး ခက်ခဲပါတယ်။ ပညာမသင်နိုင်တဲ့ တပ်တွင်းမိသားစုက ကလေးတွေ၊ စီးပွားရေးအတွက် ဘ၀ကို ရောင်းနေရတဲ့ တပ်မတော်သားရဲ့ ဇနီးတွေအကြောင်းကိုလည်း ကြားနေရပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ လူတစု ကောင်းစားရေးကိုပဲ စဉ်းစားနေတဲ့ အာဏာရှင်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျမတို့မြန်မာပြည်ဟာ အရှေ့တောင်အာရှရဲ့ စပါးကျီဖြစ်ခဲ့ဘူးပါတယ်။ အဖိုးအဖွားတွေပြောပြတဲ့ ဒဏ္ဍာ ရီကို နားထောင်ရင်း ကျမတို့ကိုယ်တိုင် မြန်မာပြည်ကြီးကို ဖွံဖြိုးတိုးတက်စေချင်ပါတယ်။ အိမ်တအိမ်လိုပဲပေါ့ အိမ်သား တွေ မညီညွတ်ရင် ကြီးပွားဖို့ဆိုတာက အိပ်မက်တခုပဲ ဖြစ်မှာပါ။ ဒါကြောင့်ကျမတို့ အမျိုးသားပြန်လည် သင့်မြတ်ဖို့ လိုပါ တယ်။ ကျမတို့ မြန်မာစစ်တပ်ဟာ အမှန်တကယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ် ရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လွတ်ချင်းမှာပဲ သူအင်တာနက်အသုံးပြုမယ်လို့ ပြောပြ ပါတယ်။ သူက ဖေ့စ်ဘုတ်က နေ၊ စကိုက်ကနေ၊ gtalk ကနေလူငယ်တွေနဲ့ တွေ့ချင်တယ်။ လူငယ်တွေတွေရဲ့ အမြင်၊ ခံစားချက်တွေကို သိချင်ပါ တယ်။ လူအများနဲ့ ဆက်သွယ်ဖို့ အင်တာနက်ကို အသုံးပြုဖို့ လူငယ်တွေကိုလဲ တိုက်တွန်းခဲ့ပါတယ်။ ဒေါ်စု ပြောတာနဲ့ မရှေးမနှောင်းမှာ ဖေ့စ်ဘုတ်ကိုအသုံးပြုတဲ့ တော်လှန်ရေးတွေ ပေါ်လာတာ ကတော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ပါ့မလား။

ခင်ငြိမ်းသစ်

Ref;naytthit

0 comments:

အပေါ်သို့