Friday, March 11, 2011

နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်

11 March 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိက ကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည် ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။

“အဓိကကျတဲ့ တပ်တွင်းရာထူးတိုးပေး တာ၊ လက်နက်ဝယ်တာ၊ နျူကလီးယား စီမံကိန်းနဲ့ တခြားအရေးကြီး တဲ့ ကာကွယ်ရေး ဆိုင်ရာ ကိစ္စ တော်တော် များများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က တိုက်ရိုက် ကိုင်တွယ်မယ်။ ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်ရေးပြ ပွဲ တွေ လောက်မှာပဲ မိန့်ခွန်းပြောတာ မျိုး လုပ်ရမယ်။ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှု ကိုပဲ ခံယူရမယ်” ဟု နေပြည်တော်မှ စစ်တပ် အရာရှိကြီး တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးမည် ဖြစ်သော်လည်း စစ်တပ်မှ အငြိမ်းစားယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်အဖွဲ့ အကြီး အကဲနေရာတွင် ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ချုပ်ကိုင် ထားမည်ဖြစ် ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း လက်ရှိရာထူး တာဝန်ဖြင့် ပင် ဥသျှောင် အဖွဲ့၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်က ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ရာထူး တာဝန်တချို့ကို လွှဲပြောင်း ရယူ လုပ်ကိုင်နေပြီဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် လုပ်ကိုင်နေရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဦးသိန်းစိန်သည်လည်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၎င်းဦးဆောင်သော အစိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးပြီးပါက နိုင်ငံတော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လစဉ်အစီရင်ခံ တင်ပြရမည်ဟု သတင်းရရှိသည်။

“ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေအများကြီးခွဲပြီး အုပ်ချုပ်ခိုင်းထား ပေမယ့် သူကပဲ ထိပ်ဆုံးကနေ ချုပ်ကိုင် ထားတယ်။ သမ္မတကလည်း ငါသမ္မတပဲဆိုပြီး လုပ်ချင်ရာလုပ်လို့ မရဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငါ ကာကွယ်ရေး ဦးစီးချုပ်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်ဝန်ထမ်းက ဆိုသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့သည် စစ်အစိုးရ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင် ခြင်းမရှိသော အဖွဲ့အစည်း တခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲတဦး ခန့်အပ်ကာ နိုင်ငံ့ ဥသျှောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု သိရှိရသည်။

နေပြည်တော်အခြေစိုက် စစ်ဘက်ဆိုင်ရာ သတင်းများအရ တပ်မတော်တွင် အမြင့်ဆုံး ရာထူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးကိုသာ ထားရှိတော့မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှလွဲ၍ ဗိုလ်ချုပ်မှူး ကြီးရာထူး ကို မည်သည့် စစ်အရာရှိကိုမှ ပေးအပ်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ဘက် ဆိုင်ရာ အသိုင်းအဝန်းက ပြောသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့