Tuesday, March 8, 2011

နှစ်(၁၀၀) ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ



ယနေ့ကျရောက်သည့် နှစ်(၁၀၀) ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက် ၍ “ဒီနှစ်ကတော့ နှစ်တရာပြည့် အမျိုး သမီးများနေ့ ဖြစ်တယ်၊ အမျိုးသမီးများ အရေး တိုက်ပွဲဝင်ခဲ့ တဲ့ အမျိုးသမီး တွေကို ဂုဏ်ပြုပြီး ဆက်လက် ခွဲခြားခြင်းခံနေရတဲ့ အမျိုးသမီးတွေကို ဆက်လက်တိုက်ပွဲဝင် အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးတွေရဲ့ နေ့ထူး နေ့ မြတ်တနေ့ ဖြစ်တယ်ဆိုတာ အသိမှတ်ပြုရင်း လုပ်တာ ဖြစ်တယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် လိုည်းနွေနှောင်း က ပြောသည်။

အခမ်းအနားတွင် မြန်မာပြည်အရှေ့ခြမ်း တိုင်းရင်းသားဒေသများမှ စစ်ပွဲများအတွင်း ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရရှာသည့် အမျိုးသမီးများနှင့် ကလေးငယ်များအခြေအနေကို ကရင်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

“အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးက အောင်မြင်တဲ့ ခေါင်းဆောင်တွေဖြစ်နေပြီး မြင့်မားနေပေမဲ့ ကျန်တဲ့ အမျိုးသမီး တဦးက အဆင့်အရမ်းနိမ့်ကျနေရင် အမျိုးသမီးတွေအတွက် အောင်မြင်မှုမဟုတ်သေးဘူး၊ ကျန်တဲ့ ကိုးယောက်က နိမ့်ကျနေတဲ့ တယောက်ကို မြှင့်တင် ပေးဖို့ တာဝန်တွေ အားလုံးမှာရှိတယ်” ဟု ပြောသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသူတဦးကလည်း မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့သည်။

စစ်အစိုးရအနေဖြင့် အမျိုးသမီးများအပေါ်အခွင့်အရေးများ ချိုးဖောက်နေမှုနှင့် ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ရပ်တန့်ရန် လိုအပ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် လိုည်းနွေနှောင်းက ဆက်ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွား နေသည့် စစ်ပွဲများ အမြန်ဆုံးရပ်ပေးရန်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အမြန်ဖော် ဆောင်ပေးရန်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား/သူများ အားလုံးနှင့် တိုင်းရင်းသား ခေါင်းဆောင် များကို အမြန်ဆုံးလွှတ်ပေးရန်၊ နှစ်ပေါင်းများစွာကတည်းက အမျိုးသမီး များအား လူသားဖြစ်မှုအပေါ် ဆန့်ကျင်သည့် လုပ်ဆောင်မှုများ၊ အဓမ္မပြုကျင့်မှု များ တရားဝင်ခွင့်ပြုထားသည်များကို ရပ်တန့်ပေးရန် အချက်သုံးချပ်ပါသည့် ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ ဒေသတွင်းရှိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့စည်းတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များမှ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

Ref;yoma3

0 comments:

အပေါ်သို့