Thursday, March 10, 2011

လှိုင်သာယာတွင် အလုပ်သမားများ ဆန္ဒပြ

အောင်မြတ်စိုး
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁

ဘန်ကောက် (မဇ္ဈိမ) ။ ။ သဘောမတူသော အချိန်ပို ခိုင်းစေမှုကြောင့် အလုပ် သမားများ ဆန္ဒပြမှု တရပ် ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ သားရေစက်ရုံ၌ အင်္ဂါနေ့တွင် စတင် ဖြစ်ပွားလျက် ရှိသည်။

စက်မှုဇုန် ၃၊ ဖန်ချက်ဝန် ဦးရွှေအုံးလမ်းရှိ ပင်မစက်ရုံနှင့် စက်ရုံခွဲ တခုရှိ လုပ်သား ၃ ထောင်နီးပါး တပြိုင်တည်း လစာ ဖြတ်ခံရမှုနှင့် အချိန်ပို ခိုင်းစေမှုအပေါ် မကျေနပ်၍ ဆန္ဒပြနေကြောင်း အလုပ်သမားများကို ကူညီနေသူ ကိုသန်းက မဇ္ဈိမက ပြောသည်။

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ ရှိ
အလုပ်သမားများ ဆန္ဒပြနေပုံ (ဓါတ်ပုံ မဇ္ဈိမ)

“အဓိကက အချိန်ပို ပြန်ခိုင်းဖို့ ကြိုးစားတာ ပါတယ်၊ နောက်တခုက လစာ ဖြတ်တဲ့ပုံ မကြိုက်တာ ပါတယ်” ဟု ကိုသန်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလကုန်တွင် တိုင်ရီ Tai Yi အလုပ်သမားများက အချိန်ပို အလုပ်ချိန် လျှော့ချရန် ဆန္ဒပြခဲ့ရာ စက်ရုံ တာဝန်ခံများနှင့် ညှိနှိုင်းမှုအရ အချိန်ပို အလုပ်ချိန်ကို ည ၈ နာရီအထိသာ သတ်မှတ်ရန် လျှော့ပေးခဲ့ပြီး၊ အလုပ် ပိတ်ရက်များ၌ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အလုပ်စေခိုင်းမှု မပြုလုပ်ရန် သဘော တူညီခဲ့ပြီး ဖြစ်သည်။

သို့သော် ကိုရီးယားလူမျိုးပိုင် တိုင်ရီတွင် ည ၉ နာရီအထိ အချိန်ပို အဖြစ် ပြန်သတ်မှတ် မည်ဟု ဖေဖော်ဝါရီ လကုန်တွင် ကြေညာ ခဲ့ရာမှ ဆန္ဒပြမှု ပေါ်ခဲ့ရသည်ဟု အလုပ် သမားများက ဆိုသည်။ ပုံမှန် အလုပ်ချိန်ကို မနက် ၇ နာရီ ၂ဝ မိနစ်မှ ညနေ ၅ နာရီအထိ သတ်မှတ်ထားသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်တွင် စက်မှုဇုန် အလုပ်သမားဥပဒေ စိစစ်ရေးဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် ဖြေရှင်းရန် ကြိုးပမ်း သော်လည်း ပြေလည်မှု မရနိုင်သေးဘဲ ဖြစ်နေသည်။

စက်ရုံတွင် သားရေများကို ကြိတ်ရသဖြင့် ထွက်ရှိလာသော အမှုန်အမွှားများက ကျန်းမာရေးကို ထိခိုက် စေနိုင်သည်ဟု အလုပ်သမားရေးရာ ဆောင်ရွက် နေသူများက ဝေဖန်ကြပြီး အလုပ်သမားများ အတွက် နာရီများစွာ အချိန်ပို လုပ်ရန် မသင့်တော်ဟု ပြောသည်။

မဇ္ဈိမက တိုင်ရီသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆန်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့