Tuesday, March 8, 2011

ဖို့ဝိန်းညီလာခံ အရေးပါကြောင်း ဖြစ်မြောက်ရေးအဖွဲ့ဝင်ပြောဆို

2011-03-07

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နှစ်ရက်ကြာ ကျင်းပနေတဲ့ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံကို ဒုတိယမြောက်နေ့ အဖြစ် မတ်လ ၆ ရက် မနေ့က အပြီးသတ် ကျင်းပခဲ့ပြီး၊ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်လွင်ထွန်းက ပြောပါတယ်။

Photo Courtesy of Conference Organizers

“အဓိက အချက်ကတော့ ကျွန်တော်တို့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲက ရလဒ်ကို လုံးဝ အသိအမှတ် မပြုဘူး။ ပြည်တွင်းမှာ သူတို့ ဖွဲ့စည်းနေတဲ့ အစိုးရကို ကျွန်တော်တို့ လုံးဝ အသိအမှတ် မပြုဘူးဆိုတာ တခု ကျပါတယ်။ ပြည်တွင်း ပြည်ပ အင်အားစုတွေ ပူးပေါင်းပြီးတော့မှ အတူတကွ ဒီ လူထု တော်လှန်ရေးကြီး နောက် တကြိမ်ဖြစ်လာအောင်လို့ ကျွန်တော်တို့ ကြိုးစား ဖော်ဆောင်သွားမယ် ဆိုပြီးတော့မှ ဒါ ဆွေးနွေးချက် ကျပါတယ်။”

“နောက်ပြီးတော့မှ ဒီ တော်လှန်ရေးကို NGO တွေကို မှီခိုမနေပဲနဲ့ self-funding ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ရှာနိုင်ပြီးတော့မှ တော်လှန်ရေးကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ထောက်ပံ့ နိုင်အောင် ကြိုးစားဖို့အတွက် ကျွန်တော်တို့ ကျပါတယ်။ အခု နယ်စပ်မှာ ဖြစ်နေတဲ့ ပါလီမန် ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့က အားလုံး အဖွဲ့အစည်းပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီးတော့မှ လုပ်ဆောင်နိုင်တဲ့ဟာမျိုး ဖြစ်အောင် ဆက်လက် ကြိုးစားပါလို့ ဒီညီလာခံကနေ တိုက်တွန်းပေးပါတယ်။”

ဒီညီလာခံကို အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ရှိတဲ့ အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဂျာမနီစတဲ့ နိုင်ငံအသီးသီးက မြန်မာ့အရေး လှုပ်ရှားနေသူတွေ၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ အန်အယ်ဒီ လွတ်မြောက်နယ်မြေ စတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပထမနေ့ ညီလာခံမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို ကတဆင့် အမှာစကား ပြောကြားခဲ့ပြီး၊ အပြောင်းအလဲ ရရှိရေးအတွက် တောင်းဆိုနေရုံ နဲ့ မပြီးမြောက်နိုင်ကြောင်း၊ ညီညီညွတ်ညွတ်နဲ့ ဇွဲမလျှော့ပဲ ကြိုးပမ်းကြဖို့ အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

Ref;RFA

0 comments:

အပေါ်သို့