Tuesday, March 8, 2011

မေးခွန်းနှင့် အဆိုများ ဆွေးနွေးတော့မည်

မျိုးသန့်


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များ တင်သွင်းထားသည့် မေးခွန်း များနှင့် အဆိုပြုချက်များကို ဗုဒ္ဓနေ့မှစ၍ လွှတ်တော်များအတွင်း ဆွေးနွေးတော့မည် ဟု သက်ဆိုင်ရာ အမတ်များထံမှ စုံစမ်းသိရှိရသည်။

အမတ်များက လွှတ်တော်များအတွင်း တင်ပြဆွေးနွေးနိုင်ရန် မေးခွန်းများနှင့် အဆိုပြု လွှာများကို လွှတ်တော်ရုံးသို့ ပြီးခဲ့သည့်လ ၁ ရက်နေ့မှစပြီး တင်သွင်းရန် ခွင့်ပြုခဲ့ပြီး နောက် အဆိုပါ ကိစ္စရပ်များကို သက်ဆိုင်ရာ လွှတ်တော်အလိုက် ဆွေးနွေးသွားမည်ဟု သိရခြင်း ဖြစ်သည်။

“မေးခွန်း ၄ ခုနဲ့ အဆို ၄ ခုစီကို သဘက်ခါကစပြီးတော့ မေးခွန်းတွေနဲ့ အဖြေတွေကို ပြန်ဖြေဖို့ ရှိတယ်။ တောက်လျှောက် မေးခွန်းနဲ့ အဖြေတွေကို ဖြေသွားဖို့ ရှိတယ်။ ဘယ်တော့ ပြီးမလဲတော့ မသိဘူး” ဟု ရှမ်းအမျိုးသား တိုးတက်ရေးပါတီ SNDP မှ ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းဆောင်စီက မဇ္ဈိမကို ပြောသည်။ ပြည်သူ့လွှတ်တော်တွင် SNDP ၏ အဆို ၂ ခုနှင့် မေးခွန်းတခုကို ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးမည်ဟု ဆိုသည်။

လက်ရှိတွင် SNDP ပြည်သူ့လွှတ်တော် အမတ်များသည် အဆိုပြုချက်နှင့် မေးခွန်း စုစုပေါင်း ၂ဝ ခန့် တင်သွင်းထားသည်။

“ယေဘုယျအားဖြင့်တော့ အန်ကယ်တို့ပါတီက ဦးရဲထွန်းဆိုရင် လယ်ယာမြေကိစ္စပေါ့။ ဦးစိုင်းကျော်အုန်းဆို ဝင်ငွေနည်းတဲ့ ပြည်သူတွေအတွက် ဆေးကုခွင့် အာမခံချက်၊ အသင်းအဖွဲ့ ဖွဲ့တဲ့အချိန်မှာ လွယ်ကူရှင်းလင်းတဲ့ စနစ်တခု ထူထောင်ပေးဖို့ အဆိုတခုပေါ့” ဟု SNDP ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် ဦးစိုင်းဆောင်စီက ဆိုသည်။

အမျိုးသားလွှတ်တော်တွင်လည်း အမတ်များ တင်သွင်းထားသည့် အဆိုပြုလွှာနှင့် မေးခွန်း များကို ဆွေးနွေးမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဒေါက်တာမြတ် ဥာဏ်စိုး၏ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်း၊ ကချင်နှင့် ချင်း ပြည်နယ်မှ အဆိုပြုလွှာများကို ဆွေးနွေးမည်ဖြစ်သည်။

“ဒေါက်တာ မြတ်ဥာဏစိုးကတော့ ဆက်သွယ်ရေးနဲ့ ပတ်သက်တာပါ၊ ချင်းပါတီက ၂ ခုလုံးပဲ ချင်းတိုးတက်ရေး ပါတီကော၊ ချင်းအမျိုးသား ပါတီကော ၂ ခုလုံးက သူတို့က လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်တာ တွေကို မေးထားတာ။ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာတွေ လိုနေသေးတော့ အဆိုပြု တင်ပြထားတာပေါ့။ တိုင်းနဲ့ ပြည်နယ်က တက်လာတာ တွေကတော့ ဒေသဖွံ့ဖြိုးရေးအတွက် အဆိုတွေ များပါတယ်” ဟု NDF ပါတီမှ အမျိုးသားလွှတ်တော် အမတ် ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို ပြောသည်။

NDF က မေးခွန်းနှင့် အဆို စုစုပေါင်း ၃ဝ ခန့် တင်သွင်းထားပြီး ပထမဦးစားပေးအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ ထုတ်ပြန်ရန် အဆိုပြုထားသည်။

“ကျနော်တို့ပါတီက မေးခွန်းနဲ့ အဆို အခု ၃ဝ လောက် ရှိပါတယ်။ ပထမဦးစားပေးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ ထုတ်ပြန်ပေးဖို့ အဆိုပြု ထားတာ ရှိပါတယ်” ဟု NDF ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးစံတင်က လွှတ်တော်တွင်း တင်ပြနိုင်ရန်အတွက် မေးခွန်းများနှင့် အဖြေများကို ပါတီဝင်များ ဆွေးနွေးနေဆဲဟု ဆိုသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည ကလည်း ယခုရက်ပိုင်းအတွင်း အဆိုပြုလွှာနှင့် မေးခွန်းများ တင်ရန် မရှိသေးပေ။

“စောစောရက်ပိုင်းမှာတော့ ကျနော်တို့ မရှိသေးပါဘူး၊ သူများတွေ မေးတာပြုတာတွေကို ကျနော်တို့ နားထောင်ဦးမှာပါ။ နောက်ပိုင်းမှပဲ မေးတာတို့၊ အဆိုတင်တာတို့ လုပ်သွား ပါ့မယ်ခင်ဗျာ့” ဟု တစည ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

တနင်္လာနေ့ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် အစိုးရ၏ အာမခံချက်များနှင့် ကတိဝန်ခံချက်များ စိစစ်ရေးကော်မတီများ ဖွဲ့စည်းခဲ့သည်။

စိစစ်ရေးကော်မတီ
(ပြည်သူ့လွှတ်တော်)

စိစစ်ရေးကော်မတီ
(အမျိုးသားလွှတ်တော်)


လွှတ်တော်နှစ်ခုလုံးတွင် ကော်မတီ ၄ ခုစီ ဖွဲ့စည်းရာ၊ ကော်မတီတခု၌ သက်ဆိုင်ရာ အမတ် ၁၅ ဦးစီ ပါဝင်သည်။

ပြီးခဲ့သည့် တပတ်ထဲတွင် ဖွဲ့စည်းခဲ့သည့် ကော်မတီများမှာ ဥပဒေကြမ်း၊ ပြည်သူ့ငွေစာရင်း နှင့် လွှတ်တော် အခွင့်အရေး ကော်မတီတို့ ဖြစ်သည်။

ယနေ့လွှတ်တော် အစည်းအဝေးများကို နေ့လည် ၁၁ နာရီတွင် ကျင်းပပြီး ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။ အင်္ဂါနေ့တွင် အစည်းအဝေးများ တရက် ရပ်နားမည်ဖြစ်သည်။

Ref;mizzima

0 comments:

အပေါ်သို့