Saturday, March 12, 2011

ကုလစုံစမ်းရေး ကော်မရှင်ကိစ္စ ဒိန်းမတ်နှင့် လတ်ဗီးယား ထောက်ခံ



မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေးအတွက် ကုလ သမဂ္ဂ ကော်မရှင်ဖွဲ့ရန် ဥရောပသမဂ္ဂ၀င် ၁၀ နိုင်ငံက ထောက်ခံခဲ့ရာ ယခုအခါ ဒိန်းမတ် နှင့် လတ်ဗီးယားလည်း ပါဝင်လာပြီဟု လန်ဒန်အခြေစိုက် ဘားမားကင်ပိန်း (ယူကေ) က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာသည်။

တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်က ကြာသ ပတေးနေ့တွင် လန်ဒန်မြို့တွင်း လှည့်လည် ကာ လူဇင်ဘတ်၊ ဆွီဒင်၊ နော်ဝေ၊ လတ်ဗီးယား၊ ဒိန်းမတ်နှင့် ဂျာမဏီ စသည့် ဥရောပသံရုံးများကို စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံရန် ပြောကြားခဲ့ပြီးနောက် ဒိန်းမတ်နိုင်ငံခြားရေး ဌာနက ’’မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ စုံစမ်းစစ်ဆေး ရေးအဖွဲ့တခု ဖွဲ့စည်းစစ်ဆေးရန် မူအားဖြင့် သဘောတူပါ ကြောင်း’’ ကြေညာခဲ့ပြီး၊ လတ်ဗီးယားကလည်း အလားတူ ကြေညာချက် ထုတ်ကာ ထောက်ခံခြင်း ဖြစ်သည်။

ချီတက်လမ်းလျှောက်သူများကို အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသား ဦးမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က ဦးဆောင်ခဲ့သည်။ ကိုမြအေးသည် ကျောင်းသားများ ဦးဆောင်သော ၈၈၈၈ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ၁၉၈၉ ခုနှစ်မှစ၍ ၈ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့်အတူ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု ကြီးမဖြစ်ခင် ချီတက်လမ်းလျှောက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်နှစ် ၆၀ ကျော် ကျခံခဲ့ရသည်။

ဒိန်းမတ်နှင့် လတ်ဗီးယန်း အစိုးရ၏ ဆုံးဖြတ်ချက်ကို မဝေနှင်းက ကြိုဆိုကြောင်းနှင့် ’’မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်း စစ်ဆေးရေးကို နောက်ထပ် ဥရောပ ၂ နိုင်ငံက ထောက်ခံခဲ့လို့ ကျမ ၀မ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ်။ ဥရောပသမဂ္ဂအနေနဲ့လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေး ရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စကို အခုအချိန်မှာ တရားဝင် ထောက်ခံရတော့မှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသွားခဲ့ကြောင်း ဘားမားကင်ပိန်း (ယူကေ) ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်ဖွဲ့ရေး ထောက်ခံသည့် ဥရောပသမဂ္ဂ၀င် နိုင်ငံများတွင် ဒိန်းမတ်နှင့် လတ်ဗီးယားသည် ၁၁ ခုနှင့် ၁၂ ခုမြောက် နိုင်ငံများ ဖြစ်လာသည်။

ကော်မရှင်ဖွဲ့ရေးကို အခြားနိုင်ငံများ ထောက်ခံလာရန် ဘားမားကင်ပိန်း (ယူကေ) ၏ ကြိုးပန်းမှုသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တောမတ်စ် အိုဟေးကင်တားနား Tomás Ojea Quintana က ကုလ အထွေ ထွေညီလာခံ၌ မြန်မာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ ထုတ်ပြန်အပြီး ၃ ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

၎င်းအစီရင်ခံစာတွင် ၂၀၁၀ ခုနှစ် မတ်လအတွင်း အထွေထွေညီလာခံ၌ သူတင်ပြခဲ့သော အစီရင်ခံစာပါ ကုလစုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆိုကို ထပ်မံ၍ ထောက်ခံ တင်ပြတောင်းဆိုထားသည်။

ကင်တားနားက သူ၏ နောက်ဆုံးအစီရင်ခံစာတွင် ’’မြန်မာနိုင်ငံတွင် စနစ်တကျ ကျူးလွန် လျက်ရှိသော လူ့အခွင့်ရေး ချိုးဖောက် မှုများ၏ သဘောသဘာဝကြောင့် အဆိုပါ ချိုးဖောက်မှုများကို လွတ်လွတ်လပ်လပ်၊ ဘက်မလိုက်၊ နှောင့်နှေးမှုမရှိဘဲ စိတ်ချယုံကြည် လောက်သည့် ပုံစံဖြင့် စုံစမ်းစစ်ဆေးနိုင်ရန် လိုအပ်သည်’’ ဟု ရေးထားသည်။

ဂျာမန်သံရုံးက မြန်မာ့အရေး ဆန္ဒပြသူများကို တားဆီး ရန် ရဲခေါ်

ဂျာမန်သံရုံးကမူ ဘားမားကင်ပိန်းက ပေးအပ်သော စာများကို လှိုက်လှဲစွာ ကြိုဆို လက်ခံရယူခဲ့သော အခြားဥရောပ သံရုံးများကဲ့သို့ မဟုတ်ဘဲ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများကို ကြိုဆိုလက်ခံခြင်း မပြုခဲ့ဟု ဘားမားကင်ပိန်း (ယူကေ) က သတင်းပေးပို့သည်။

မြန်မာ့အရေးဆန္ဒပြသူများ သူတို့သံရုံးရှေ့ ရောက်လာသည့်အခါ ဂျာမန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူများက မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရာ၌ ဂျာမဏီက ထောက်ခံပါရန် တိုက်တွန်းထားသည့် စာကိုပေးအပ်မည့် ’’၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို သံရုံးတွင်း ၀င်ရောက်ခွင့်ပေးရန် ငြင်းဆန်ခဲ့သည်’’ ဟု ကင်ပိန်း အမှုဆောင်ဒါရိုက်တာ မာ့ခမ်ဖာမနာ Mark Farmaner က ပြောသည်။

ဆန္ဒပြပွဲ စီစဉ်သူများက အခြားဥရောပသံရုံးများသည် သူတို့ပေးအပ်သော စာများအား ၀မ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြကြောင်း ထောက်ပြ ပြောဆိုတော့မှ အဆိုပါသံရုံးက ဆန္ဒပြသူများ၏ ကိုယ်စားလှယ်အဖွဲ့ကို သံရုံးထဲ ၀င်ခွင့်ပြုခဲ့ပြီး သံရုံးအတွင်း ကြိုတင် စီစဉ်ထားခြင်း မဟုတ်သော တွေ့ဆုံပွဲ၌ စာအား လက်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားသံရုံးများကဲ့သို့ မဟုတ်ဘဲ လုံခြုံရေးဝန်ထမ်းများရှေ့တွင် သူတို့စာကို ပေးအပ် ခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဂျာမဏီသံရုံးက ရဲကို အကြောင်းကြားပြီး အဆိုပါ လူ ၁၀၀ ကျော်ရှိ ဆန္ဒပြအဖွဲ့ကို သံရုံးရှေ့မှ နှင်ထုတ်စေခဲ့သည်။

ရဲများကလည်း ဂျာမဏီသံရုံး၏ တောင်းဆိုချက်ကို ဆန္ဒပြသမားများထံ ပြောကြားခဲ့ပြီး နောက်ဆုံးတွင်မူ ဒေသန္တရ ဥပဒေအရ သံရုံးရှေ့ ဆန္ဒပြသူများကို မတ်တပ်ရပ်ကာ ဆက်လက်ဆန္ဒပြခွင့် ပြုခဲ့သည်ဟု မတ်ခ်ဖာမနာက ပြောသည်။

ဤသို့ ပုလိပ်အကူအညီရယူပြီး ဆန္ဒပြသူများကို နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ် သူတို့၏ မှတ်ချက် ပြောကြားပါရန် မဇ္ဈိမက ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ယခုထိ ပြန်ကြားချက် မရရှိသေးပါ။

စုံစမ်းရေးကော်မရှင်ဖွဲ့ရေးနှင့် စပ်လျဉ်း၍ ဂျာမဏီအစိုးရ၏ သဘောထားကို အစောပိုင်းက မေးမြန်းခဲ့ရာတွင် ဂျာမဏီ အဓိပတိ အင်ဂျလာမာကဲလ်၏ အစိုးရသည် ’’ကော်မရှင် ဖွဲ့ရေးကိစ္စ အချေအတင် ဆွေးနွေးပြောဆိုနေမှုများကို အနီးကပ် စောင့်ကြည့်လေ့လာ နေကြောင်း’’ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆီဗက်ရှန်ဖစ်ရှာ Sebastian Fischer က မဇ္ဈိမကို ဖြေကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲတွင် အခြား ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောကြားခဲ့ရာတွင် ’’ယခုထိုးထွင်းကြံဆမှု (စုံစမ်းရေးကော်မရှင်) အောင်မြင်ရန်နှင့် အပြုသဘောဆောင်သော နောက်ဆက်တွဲ အကျိုးဆက်များ ပေါ်ပေါက်လာစေရန်အတွက် အရေးကြီးသည်မှာ အခြေအနေကို ဆက်လက်၍ လေ့လာစောင့်ကြည့်နေရန် လိုအပ်ပြီး မြန်မာအစိုးရအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်ရေးကို ရယူနိုင်မည့် ယန္တရားတရပ် တည်ထောင်ရေးမှာလည်း အလားတူပင် အရေးပါသည်’’ ဟု ပြောဆိုခဲ့သည်။

ထိုသို့ ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက စုံစမ်းရေးကော်မရှင် ရှေ့ဆက်အလုပ်ဖြစ်ရန် မြန်မာအာဏာပိုင်များ၏ အကူအညီ လိုအပ်ကြောင်း ပြောဆိုချက်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး၏ အမှုဆောင်ဒါရိုက်တာ ကက်နက်ရော့သ် Kenneth Roth က သူတို့အဖွဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ၏ အမှာတွင် ထည့်သွင်းဝေဖန်ထားသည်။

’’နောက်ထပ် ဖိအားတစုံတရာ မရှိဘဲ စစ်အစိုးရထံမှ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့် နေခြင်းမှာ အိပ်မက်မက် စိတ်ကူးယဉ်နေခြင်းမျှသာ ဖြစ်သည်’’ ဟု ရော့သ်က ပြောထား သည်။

Ref;Mizzima

0 comments:

အပေါ်သို့